Home
နိုင်ငံတကာ
အမေရိကန်အဆိုပြုပြီး အစ္စရေးလက်ခံသည့် အပစ်ရပ်ကမ်းလှမ်းချက် ဟားမတ်စ် ပယ်ချ
DVB
·
May 30, 2025
Photo: CCTV, CGTN

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံပြန်လွှတ်ပေးရေးအတွက် အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အနေနဲ့ ပယ်ချသွားမှာဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတယောက်က အတည်ပြုပါတယ်။

အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ရဲ့ အစီအစဉ်သစ်ကို အစ္စရေးဘက်က သဘောတူလိုက်ပြီးနောက် ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းလျက်ရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီအစီအစဉ်အရ ဟားမတ်စ်ဘက်က ဖမ်းဆီးထားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဓားစာခံ ၁၀ ယောက်နဲ့ သေဆုံးသွားပြီဖြစ်တဲ့ နောက်ထပ် ၁၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်အပ်နှံဖို့အတွက် တောင်းဆိုထားတာပါ။

အပြန်အလှန်အားဖြင့် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့အတူ အစ္စရေးထောင်တွေထဲက ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

အစ္စရေးအရာရှိတွေရဲ့ ပြောကြားချက်အရ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၅၈ ယောက်စလုံး ပြန်လွတ်လာတဲ့အထိ ဟားမတ်စ်အပေါ် ဖိအားပေးသွားမှာ ဖြစ်သလို အဲဒီထဲက အယောက် ၂၀ ထက် မနည်းကိုလည်း အသက်ရှင်နေသေးတယ်လို့ ယုံကြည်ထားပါတယ်။

ဟားမတ်စ်ရဲ့ အကြီးတန်းတာဝန်ရှိသူတယောက်က​တော့ အဆိုပြုချက်အသစ်ထဲမှာ စစ်ပွဲအဆုံးသတ်ရေးလိုမျိုး အဓိကတောင်းဆိုချက်တွေကို ဖြည့်စွက်ထားခြင်း မရှိတဲ့အလျောက် သင့်လျော်တဲ့အချိန်မှာ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။

အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ၂ လတာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် မတ် ၁၈ ရက်ကစလို့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို အလုံးစုံ ပိတ်ဆို့ခဲ့တဲ့အပြင် စစ်ဆင်ရေးတွေပါ ပြန်လည်စတင်ခဲ့ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၁၀ ပတ်တာအတွင်း ဂါဇာမှာ လူပေါင်း ၄,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အစ္စရေးရဲ့  မြေပြင်ထိုးစစ်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အမိန့်တွေကြောင့် ဂါဇာဒေသခံ ၆၀၀,၀၀၀ ကျော်ဟာလည်း ထပ်ပြီး နေရပ်စွန့်ခွာခဲ့ရပါတယ်။

ဒါ့အပြင် လာမယ့်လပိုင်းတွေမှာပါ လူဦးရေ ၅၀၀,၀၀၀ လောက်က ကပ်ဘေးအဆင့် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရနိုင်တယ်ဆိုပြီး ကုလသမဂ္ဂအနေနဲ့ သတိပေးထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ဓားစာခံအားလုံး လွတ်မြောက်ရေး အပါအဝင် ဟားမတ်စ်အဖွဲ့ လက်နက်ချတာ ဒါမှမဟုတ် ဖျက်သိမ်းပစ်တာနဲ့ သူတို့ခေါင်းဆောင်တွေ နယ်နှင်ဒဏ်ပေးခံရပြီးမှသာ လက်ရှိစစ်ပွဲကို အဆုံးသတ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

ဟားမတ်စ်ဘက်က ဓားစာခံအားလုံး ပြန်လွှတ်ပေးဖို့ အသင့်ရှိကြောင်း ပြောထားပေမဲ့လည်း ရန်လိုမှုမှန်သမျှ အပြီးတိုင်ရပ်စဲပြီး ဂါဇာဒေသကို အစ္စရေးတပ်တွေ အလုံးစုံစွန့်ခွာပြီးမှသာ ဖြစ်နိုင်လိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် အစ္စရေးပြည်တွင်းထောက်လှမ်းရေးအဖွဲ့ ရှင်းဘတ်ရဲ့ အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဇီနီကို ခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့အပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013