Home
မြန်မာသတင်း
ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချရန် ဦးအောင်ဆန်းဦး တရားရုံးကို လျှောက်ထား
DVB
·
May 30, 2025

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ တရားရုံးကို လျှောက်ထားချက်ဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အစဉ်အလာမရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ် တည်ရှိရာ ခြံဝင်းကို တဝက်ခွဲပြီး ရောင်းချဖို့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက မေ ၂၉ ရက်က ကမာရွတ်ခရိုင်တရားရုံးကို လျှောက်ထားခဲ့တာပါ။

၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတဲ့ ခြံအမှတ် ၅၄ ထဲက နေအိမ်မပါတဲ့ မြေနေရာတဝက်ကို ခွဲပြီး ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က အလိုရှိနေတာဖြစ်ပါတယ်။

ခြံအမှတ် ၅၄ အမှုအတွက် နောက်ရုံးချိန်းကို ဇွန် ၅ ရက်မှာ တရားရုံးက ပြန်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး လျှောက်လဲချက် ပြန်ပေးရဖို့ ရှိနေပါတယ်။

ဥပဒေပညာရှင်တယောက်က “အစဉ်အလာက အမွေအမှုမှာ အမွေပစ္စည်းအားလုံးကို လေလံတင် ရောင်းပြီးတော့ ခွဲတာပဲရှိတယ်။ ရမယ့်ဘက်ကို ခွဲပြီးတော့ လေလံတင်ရောင်းပြီးတော့ ခွဲပေးပါလို့ အဲဒီလိုတော့ မရှိဘူး။ နောက်တခုက သူက အဲဒီလိုရမယ့်တဝက်ဆိုတာက သူကပြောခွင့်မရှိဘူး။ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ကန့်သတ်ရေးဥပဒေအရ ပစ္စည်းကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာ တရားရုံးက သက်ဆိုင်တယ်။ ဥပဒေလုပ်ထုံးလုပ်နည်းက သူ့ရှေ့နေတွေ လျှောက်ရမှာကတော့ ဒီလေလံတင်ပြီးသားငွေကိုပဲ ခွဲတာမျိုးပဲရှိတယ်။ သူ့ ဘယ်အပိုင်းကိုတော့ ဘယ်ကိုခွဲပေးပါ၊ ဘယ်လိုရောင်းပါဆိုတာက တရားရုံးရဲ့ ဒီဂရီအရပဲ လုပ်လို့ရတယ်။ အဲဒီလို ဒီဂရီကို ကျော်ပြီး လျှောက်ခွင့်မရှိဘူး” လို့ ပြောပါတယ်။

မေ ၁၅ ရက် ရုံးချိန်းမတိုင်ခင်တုန်းကလည်း ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့ပြီး ဦးအောင်ဆန်းဦးရဲ့ တင်ပြလျှောက်ထားချက်တွေဟာ အမွေစားအမွေခံ ဇာရီအမှုတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိဘဲ အစဉ်အလာမရှိတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “လေလံမအောင်တဲ့အခါကျတော့ နောက်ထပ် ထပ်လျှော့၊ နောက်ထပ် ထပ်လျှော့၊ အဲဒါကိုလည်း တရားရုံးက ခွင့်ပြုနေတာကိုလည်း ကျနော်တို့က စဉ်းစားလို့မရဘူး။ ဘာလို့ အဲဒီလို ခွင့်ပြုပေးနေတာလဲပေ့ါနော်။ သူက လေလံကြမ်းခင်းဈေးတွေကို အောင်မြင်ချင်လို့ဆိုပြီး လျှော့လေလေ ဒီဘက် တရားရှုံးမှာကလည်း သူ့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လျော့လေလေဖြစ်တာပေ့ါ။ တရားရုံးအနေနဲ့က အလယ်ကနေရမယ့်နေရာမှာ သူ့တယောက်တည်းကိုပဲ ဦးစားပေးပြီးတော့ ကြမ်းခင်းဈေးတွေ အကြိမ်ကြိမ်လျှော့တယ်၊ အခု ထပ်ပြီးတော့ တဝက်ခွဲပြီး ပိုင်းရောင်းပါမယ်လို့ လျှောက်ထားလာတဲ့အပေါ်မှာ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ ဥပဒေသမားတွေရဲ့ အမြင်အရတော့ သင့်လျော်မျှတတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ဒီလိုပဲမြင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇ သန်းနဲ့ ဧပြီ ၂၉ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးက စတုတ္ထအကြိမ် လေလံပစ်ခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိဘဲ ပွဲပျက်ခဲ့တာပါ။

၂၀၂၄ မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းနဲ့ ပထမအကြိမ်၊ ၂၀၂၄ ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်၊ ၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်က ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ် လေလံတင်ခဲ့ပေမဲ့ ဝယ်ယူမယ့်သူမရှိဘဲ အကြိမ်ကြိမ် ပွဲပျက်ခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013