Home
မြန်မာသတင်း
နောင်ချိုမြို့ကို ပြန်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ
DVB
·
May 30, 2025

TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ပြန်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နောင်ချိုမြို့နယ်ထဲက စခန်းတချို့ကိုလည်း TNLA ဘက်က ပြန်ပြီး လက်လွှတ်ရတာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတကြောင်းဟာ နောင်ချိုမြို့နဲ့ ၁၀ မိုင်ဝန်းကျင်ပဲ ကွာတော့တဲ့ ရွှေမုဌောကျေးရွာကို ရောက်နေပြီဖြစ်ပြီး တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ရွှေမုဌောကို သူတို့ဘက်က ရောက်နေပြီဆိုတာက မှန်ပါတယ်။ တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေပါတယ်။ ဟုတ်တယ်။ ဒီနေ့အထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ လက်နက်ကြီးနဲ့ရော၊ ဒရုန်းတွေနဲ့ရော တိုက်ခိုက်တာတွေရှိပါတယ်။”

လက်ရှိမှာတော့ ရွှေမုဌောဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းအပြင် နောင်လင်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းကလည်း နောင်ချိုကြီး၊ တိမ်ပင်လယ်နားအထိ ရောက်ရှိနေပြီဖြစ်ပြီး အဲဒီစစ်ကြောင်းနှစ်ကြောင်းဟာ ဂုတ်ထိပ် မရောက်ခင်မှာ ပူးပေါင်းပြီး နောင်ချိုမြို့ကို ဝင်နိုင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ဒါပေမဲ့လည်း ရွှေမုဌောအလွန် ကန်ကြီးမှာတော့ TNLA ရော၊ ဓနုတပ်တွေပါ အင်အားအများအပြားနဲ့ ရှိနေတာကြောင့် စစ်ကောင်စီအတွက် ထင်သလောက် မလွယ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီဘက်က နယ်မြေပြန်တောင်းခဲ့ပေမဲ့ TNLA ဘက်က လက်မခံခဲ့ပါဘူး။

အဲဒီနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ နောင်ချိုကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်ရပ်ထားတာကြောင့် ရှမ်းမြောက်စစ်မျက်နှာမှာ TNLA တခုကိုပဲ စစ်ကောင်စီဘက်က ဉီးတည်တိုက်ခိုက်နိုင်နေတာ ဖြစ်ပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013