Home
မြန်မာသတင်း
မုံရွာ နမခ က တပ်သားသစ် ၂ ဦးလက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
May 30, 2025
Photo: ဒို့အရေး Channel

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မေ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “မုံရွာ နမခ ထဲကနေ အလင်းဝင်လာကြတာပါ။ ဒါပေမဲ့ သူတို့ ၂ ယောက်က ကျနော်တို့ဆီကို အရင်ဆက်သွယ်လာတာတော့ မဟုတ်ဘူး။ ဒို့အရေး Channel ဆီကို ဆက်သွယ်ပြီးတော့ ဒို့အရေး Channel ရဲ့ အတွင်းရေးမှူး မရွှေဂျူး ကမှတဆင့် ရပ်ကျေးပကဖ တဖွဲ့ဆီကို ချိတ်ဆက်ပေးခဲ့လို့ သွားရောက်ခေါ်ဆောင်ခဲ့ရတာပါ” လို့ ပြောပါတယ်။

အဆိုပါ တပ်သားသစ် ၂ ယောက်ဟာ MA1 သေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ ၅.၅၆ ကျည်အတောင့် ၂၀၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “သူတို့ ၂ ယောက်က ဆွဲခံရကတည်းက ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘူးတဲ့။ စစ်သင်တန်းအပတ်စဥ် ၈ သင်တန်းဆင်းပြီး နမခ ထဲကို အပို့ခံလိုက်ရတော့လည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ကြသေးတယ်။ အဲဒီ နမခထဲ ရောက်နေတာ ၅ လကြာမှ အခုလို အောင်မြင်ခဲ့တာလို့ သိရတယ်။ ထူးခြားမှုက သူတို့ ၂ ယောက်လုံးရဲ့ သဘောထားဟာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်ဖို့ ဆုံးဖြတ်ချက်ချထားသူတွေ ဖြစ်တယ်။ အခုတော့ သူတို့ ၂ ယောက်ကို လက်ခံထားတဲ့ ရပ်ကျေးပကဖ အဖွဲ့ကပဲ ဆက်လက်တာဝန်ယူပြီးတော့ လုံခြုံတဲ့နေရာမှာ ထားပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်လာသူ ၂ ယောက်ကို ဆုကြေးငွေ ချီးမြှင့်ပေးဖို့အတွက်လည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့လည်း စစ်ရေးအရှိန်တွေ မြှင့်တင်လာတော့မှာဖြစ်လို့ နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ခိုလှုံ အလင်းဝင်ရောက်ကြဖို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013