Home
နိုင်ငံတကာ
ထရမ့်ပ်၏ ဘတ်ဂျက်ဥပဒေကို စိတ်ပျက်သည့် အီလွန်မတ်စ်ခ် အိမ်ဖြူတော်မှ ထွက်ခွာမည်
DVB
·
May 29, 2025
Photo :Reuters

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့အပြီးမှာ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ကို ဦးဆောင်တဲ့ကာလ အဆုံးသတ်တော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

“ကျနော့်ရဲ့ အထူးအစိုးရဝန်ထမ်း သတ်မှတ်ကာလ အဆုံးသတ်တော့မှာ ဖြစ်တဲ့အတွက် အလဟဿဖြစ်တဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ အခွင့်အရေးပေးခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ DOGE ဌာန မစ်ရှင်တွေဟာ အစိုးရတခုလုံးရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်လာတာနဲ့အမျှ ပိုမိုအားကောင်း ခိုင်မာလာပါလိမ့်မယ်” လို့ မတ်စ်ခ်က သူ့လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အထူးအစိုးရဝန်ထမ်း (Special Government Employee) သတ်မှတ်ချက်အရ တနှစ်ကို ပြည်ထောင်စုတာဝန် ရက် ၁၃၀ အထိ ထမ်းဆောင်နိုင်ပြီး သက်တမ်းတိုးလို့ရပေမဲ့ ရက်ပြည့်ချိန်မှာ အနားယူလိုက်တာ ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရ တက်လာတဲ့ ဇန်နဝါရီ ၂၀ ရက်က စတွက်ရင် မေလကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ်က “ကြီးကျယ်ပြီး လှပတဲ့” ဥပဒေကြမ်းလို့ တင်စားတဲ့ ဘတ်ဂျက်ဥပဒေကို မတ်စ်ခ်က ဝေဖန်ခဲ့အပြီးမှာ အခုလို ထွက်ခွာဖို့ တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မတ်စ်ခ်က အခုလို ဝေဖန်ခဲ့အပြီးမှာ ထရမ့်ပ် ကိုယ်တိုင်က ဒီဥပဒေကြမ်းကို ပြန်ညှိနှိုင်းသွားမှာဖြစ်ပြီး တချို့အချက်တွေ သဘောကျပေမဲ့ တချို့အချက်တွေ မကြိုက်ဘူးလို့ ထရမ့်ပ်က တုံ့ပြန်ထားပါတယ်။

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ အိမ်ဖြူတော်ဟာ မတ်စ်ခ်ရဲ့ ဒီရာထူးတာဝန်ရပ်စဲမှု လုပ်ငန်းစဉ်တွေကို မေ ၂၉ ရက်ကတည်းက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဒေါ်လာ ထရီလီယံချီ အခွန်လျှော့ပေါ့မှုတွေနဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ အဆိုပြုထားတဲ့ ထရမ့်ပ်ရဲ့ ဘတ်ဂျက်ကို စိတ်ပျက်မိကြောင်း မတ်စ်ခ်က CBS ရုပ်သံနဲ့ အင်တာဗျူးမှာ အတိအလင်း ပြောခဲ့ပါတယ်။

ဒီဥပဒေကြမ်းဟာ ပြည်ထောင်စု လိုငွေပြမှုကို တိုးပွားစေနိုင်ပြီး DOGE ဌာနက ပြီးမြောက်ခဲ့တဲ့ လုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့ အဓိကအလှူရှင်တယောက်လည်း ဖြစ်လာခဲ့တဲ့ မတ်စ်ခ်ဟာ ထရမ့်ပ်နဲ့ အနီးစပ်ဆုံး အကြံပေးတယောက် ဖြစ်လာခဲ့တာ မကြာသေးပါဘူး။

မတ်စ်ခ် DOGE ဌာနကို ဦးဆောင်စဉ်ကာလမှာ သူ့ကားကုမ္ပဏီ Tesla ရဲ့ အမြတ်တွေ ထိုးကျခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ရှယ်ယာရှင်အစည်းအဝေးမှာ မတ်စ်ခ်ကိုယ်တိုင် DOGE ဌာန တာဝန်တွေ လျှော့ချပြီး Tesla ကို အချိန်ပိုပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013