Home
ဆောင်းပါး
မြော်မြင်၊ စည်းလုံး၊ သတိသုံး
DVB
·
May 29, 2025
Design: DVB

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် အဆုံးစွန်ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေး ပန်းတိုင်သို့ ရောက်လုနီးပြီ ဖြစ်သည်။ မြန်မာပြည်အား ကုပ်သွေးစုပ် အမြတ်ထုတ်နေသော စစ်အုပ်စုသည် ၎င်းတို့ ကျဆုံးတော့မည့်အရေးကို မြင်လာသည့်အခါ ၎င်းတို့ အသက်ဆက်နိုင်ရေးအတွက် အသည်းအသန် ခုခံကာကွယ်ရန် ကြိုးစားလာ၏။ အာဏာလုစစ်အုပ်စုသည် မူလကတည်းက ဂုဏ်သိက္ခာထက် ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုကြသူများ ဖြစ်၏။ ယခုကဲ့သို့ ၎င်းတို့ အကျပ်အတည်း ကြုံနေရချိန်တွင်မူ နိုင်ငံအတွင်းရှိ ပြည်သူပိုင် အကျိုးစီးပွားများကို တရုတ်၊ ရုရှား ကဲ့သို့သော အာဏာရှင်နိုင်ငံများထံ ထိုးအပ်ကာ ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ကြံစည်အားထုတ်နေပြီ ဖြစ်သည်။

တရုတ်ကဲ့သို့ ကိုယ်ကျင့်တရားထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သော နိုင်ငံများကလည်း စစ်အုပ်စုကို ဖေးမကူညီနေ၏။ တရုတ်သည် ၎င်းတို့ ကုန်သွယ်ရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟု ယူဆပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသော လားရှိုးမြို့ကို အာဏာလုစစ်အုပ်စုထံ ပြန်ပေးရန် အတင်းအကျပ် ဖိအားပေး စေခိုင်းခဲ့၏။

ယခုတဖန်လည်း တရုတ်နှင့် အာဏာလုစစ်အုပ်စု ပူးပေါင်းကာ တရုတ်နယ်စပ်မှ မန္တလေးသို့ ကုန်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော မြို့များကို အာဏာလုစစ်အုပ်စုထံ ပြန်ပေးရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးလျက်ရှိ၏။ တရုတ်သည် နိုင်ငံကြီးဖြစ်သည့်အလျောက် ၎င်းတို့၏ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်ကြီးများအတွက် ၎င်းတို့နယ်စပ် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို တည်ငြိမ်ရေးလိုလားသည်ဟု အသံကောင်းဟစ်လေ့ရှိ၏။

သို့သော်လည်း တရုတ် လိုလားသော မြန်မာပြည် တည်ငြိမ်အေးချမ်းရေးမှာ လူ့အခွင့်အရေး ပြည့်၀စွာ တိုးတက်ဖွံ့ဖြိုးသော တည်ငြိမ်အေးချမ်းမှုမျိုး မဟုတ်ပေ။ ၎င်းအလိုကျ မီးစတဖက်၊ ရေမှုတ်တဖက် လိုသလို နိုင်ငံရေးကစားနိုင်သည့် နယ်စားပယ်စား စစ်ဘုရင်များအုပ်ချုပ်သော အကွဲကွဲအပြားပြား ဖြစ်နေသည့် အားနည်းနိုင်ငံအနေဖြင့် တည်ငြိမ်နေရေးသာ ဖြစ်၏။

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံအလိုက် ကိုယ်ကျိုးစီးပွားကို အလေးထားသော နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားနေသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် အခြားနိုင်ငံရှိ ပြည်သူတို့၏ လူမှုဘ၀များ နိမ့်ပါးရလျှင် ထိုသို့သော အကျိုးစီးပွားရှာဖွေမှုမျိုးသည် လက်ခံပေးသင့်ပါ၏လော။ မိမိတို့ မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ဘ၀ မြှင့်တင်နိုင်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက်သာ အာဏာရှင် စစ်အုပ်စုကို ဝောာ်လှန်နေကြခြင်းဖြစ်သည်။ ဤသည်ကို ကိုယ်ကျိုးစီးပွား အကြောင်းပြကာ မိမိတို့ပြည်တွင်းရေးအား အလွန်အကျူး စွက်ဖက်လာသည့် တရုတ်နိုင်ငံအား မိမိတို့ မြန်မာပြည်သူများအနေဖြင့် ဉာဏ်အမြော်အမြင်ရှိရှိ စည်းလုံးညီညွတ်စွာဖြင့် သတိကြီးကြီးထားကာ ရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်သည်။ တရုတ်သည် အင်အားကြီးလှသော ကိုယ်ကျိုးရှာသမား ဖြစ်သည်ကို သတိပြုကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းလိုသော မြန်မာပြည်သူများနှင့် တကွ တော်လှန်ရေးတပ်ဖွဲ့တိုင်းအနေဖြင့် ရေရှည်ကိုကြည့်သော ခိုင်မာအားကောင်းသည့် စည်းလုံးညီညွတ်မှုများကို တည်ဆောက်သင့်ပြီ ဖြစ်သည်။ ခိုင်မာအားကောင်းသည့် မဟာဗျူဟာများ ကြိုတင်ချမှတ် အကောင်အထည်ဖော်သင့်ကြပြီ ဖြစ်၏။

တရုတ်သည် ၎င်းတို့အကျိုးစီးပွားအတွက် အာဏာလုစစ်အုပ်စုကိုလည်း ဖေးမကူညီလိုသည်ဖြစ်ရာ ၎င်းတို့ လက်လှမ်းမီသမျှ တော်လှန်ရေးတပ်ဖွဲ့တိုင်းကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးနေမည်သာ ဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဖိအားပေးသော ဖြတ်ငါးဖြတ် နည်းလမ်းသည် အတိုင်းအတာတခုအထိ အသုံး၀င်သည်ကို သတိပြုဖွယ် တွေ့ရ၏။

ထို့ကြောင့် အနာဂတ်အတွက် တော်လှန်ရေးနှင့် ပြည်သူလူထုအတွက် လိုအပ်သော ရင်းမြစ်များကို နေရာစုံ၊ နိုင်ငံစုံမှ ရရှိနိုင်ရန် ကြိုတင်ပြင်ဆင်ကြရမည် ဖြစ်သည်။ ထို့အတူ ပြည်တွင်းမှာပါ တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရန်လည်း ကြိုးစားကြရပေမည်။

တရုတ်၏ဖိအားသည် ရင်းမြစ်ကန့်သတ်ချက်များသော အဖွဲ့ငယ်များအပေါ်တွင် ပိုမိုသက်ရောက်ကြောင်း တွေ့ရ၏။ ထို့ကြောင့်လည်း တရုတ်သည် ၎င်းတို့၏ နာမည်ကျော် နည်းဗျူဟာဖြစ်သော တ၀က် နှစ်မျက်နှာ ဗျူဟာဖြင့် စစ်ကစားနိုင်ရန် အာဏာလု စစ်အုပ်စုကို ကူညီနေ၏။

တ၀က် နှစ်မျက်နှာ ဆိုသည်မှာ မိမိအင်အားကို တ၀က်စီခွဲကာ တဖွဲ့က ရန်သူကို ရန်ဆိုင် ထိန်းချုပ်ထားဆဲတွင် အခြားတဖက်က ရန်သူကို ချေမှုန်းနိုင်ရန် ကြိုးစားသည့် စစ်နည်းဗျူဟာတမျိုး ဖြစ်၏။

ယခုအချိန်တွင် စစ်အုပ်စုသည် တရုတ်ဖိအားဖြင့် အပစ်အခတ်ရပ်စဲရေး နည်းလမ်းဖြင့် ဒေသအချို့ကို ရင်ဆိုင်ထိန်းချုပ်ထားပြီး ၎င်းတို့ အထိမခံနိုင်သော ဒေသများတွင် စစ်အင်အား အတင်းအဓမ္မ စုဆောင်းထားသော စစ်မှုထမ်းများကို ချနင်းက ထိုးစစ်ဆင်နေ၏။ ထိုနည်းဗျူဟာ အောင်မြင်စေရန် တရုတ်က တဖက်တလမ်းမှ ဖိအားပေးခြင်းဖြင့် ကူညီနေ၏။ ဤသို့သော နည်းလမ်းများဖြင့် အာဏာလုစစ်အုပ်စုအား တနိုင်ငံလုံး ပြန်လည်ထိန်းချုပ်သွားနိုင်ရန် တရုတ်သည် လိုလားလျက်ရှိ၏။ သို့မှသာ သူ၏ ဩဇာခံအစိုးရအဖြစ် စစ်အုပ်စုကိုထားကာ မြန်မာပြည်တွင် တရုတ်တို့စိတ်ကြိုက် ကိုယ်ကျိုးရှာ အမြတ်ထုတ်နိုင်မည် ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မဟာဗျူဟာမြောက် စည်းလုံးညီညွတ်မှုမျိုး တည်ဆောက်ကြရမည် ဖြစ်သည်။ တရုတ်ဖိအားကို ခံရသူချင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် မဟာဗျူဟာမြောက် တန်ပြန်နိုင်သည်ကို တွေ့ရ၏။ သို့သော် တရုတ်၏အင်အားသည် ကြီးလှသည်ဖြစ်ရာ ရေရှည်ရင်ဆိုင်နိုင်ရန် မြန်မာတပြည်လုံးရှိ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ ထောက်ပံ့ကူညီမှုများလည်း ရရှိရန် အရေးကြီးလှ၏။ ထို့ကြောင့် ဘုံရည်မှန်းချက်တူသော တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ထောက်ပံ့ကူညီနိုင်သော အစီအစဉ်များ စတင်စီမံသင့်ပြီဖြစ်၏။

အပြန်အလှန် ထောက်ပံ့နိုင်သော အစီအမံများတွင် စားနပ်ရိက္ခာ၊ ဆေးဝါးမှအစ လက်နက်ခဲယမ်း အဆုံး လူသုံးကုန်ပစ္စည်းများပါ ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်သော အစီအမံများ ပါ၀င်သင့်၏။

တော်လှန်ရေးအတွက် လိုအပ်ချက်မြင့်မားသော လက်နက်ခဲယမ်း အမျိုးမျိုး ထုတ်လုပ်ရေးကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သော ဒေသတိုင်းတွင် ထုတ်လုပ်နိုင်လျှင် ပြည်ပဖိအားများကို တနည်းတဖုံ လျှော့ချနိုင်မည်ဖြစ်သည်။

ထိုသို့ ထုတ်လုပ်နိုင်ရန် လိုအပ်သော ရင်းမြစ်များနှင့် လူသုံးကုန်ပစ္စည်းများကို ဒေသတခုမှ အခြားတခု အပြန်အလှန် ထောက်ပံ့နိုင်သော၊ ကုန်သွယ်နိုင်သော အစီအမံများ၊ ယုံကြည်မှုများ၊ စည်းလုံးညီညွတ်မှုများ တည်ဆောက်ထားမှသာလျှင် အနာဂတ်မြန်မာပြည်ရှိ တိုင်းရင်းသား ပြည်သူ အားလုံး၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး မျှော်ရည်ချက်သည် ပြည့်၀အောင်မြင်နိုင်မည် ဖြစ်သည်။

မိမိတို့ မြန်မာပြည်သူများနှင့်တကွ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ဉာဏ်အမြော်အမြင်ရှိရှိ၊ သတိရှိရှိဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်အနိုင်ယူကာ မြန်မာပြည်၏ အရိပ်မဲကြီးဖြစ်သော စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ချေမှုန်းနိုင်ကြ‌ပါစေကြောင်း ဆန္ဒပြုလျက်...။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024