Home
နိုင်ငံတကာ
ကမ္ဘာမြေကို ဂြိုဟ်သိမ်ဂြိုဟ်မွှား ဝင်တိုက်နိုင်ခြေ တရုတ်သိပ္ပံပညာရှင်များ စောင့်ကြည့်
DVB
·
May 29, 2025
Photo: Reuters

တရုတ်နိုင်ငံဟာ ခေတ်မီစက်ကိရိယာတွေမှာ ရင်းနှီးမြှုပ်နှံပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းအားဖြင့် ကမ္ဘာမြေကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဝင်ရောက်တိုက်နိုင်ခြေလိုမျိုး အာကာသခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။

ဇန်န၀ါရီလကုန်မှာ အသစ်တွေ့ခဲ့တဲ့ 2024 YR4  ဂြိုဟ်သိမ်ဟာ ၂၀၃၂ ခုနှစ်မှာ ကမ္ဘာနဲ့တိုက်မိဖို့ အလားအလာ ၃ ရာခိုင်နှုန်းရှိတယ်လို့ ယူဆရလို့ အချက်ပေးသံတွေ ထွက်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ နှောင်းပိုင်းမှာတော့ ဂြိုဟ်သိမ်ကို ခြေရာခံနေတဲ့ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး ဂြိုဟ်သိမ်စောင့်ကြည့်သူ ကျောက်ဟိုင်ဘင်က ဘေးဥပဒ် မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

ကျောက်ဟာ တရုတ်သိပ္ပံတက္ကသိုလ် ခရမ်းပြာတောင် လေ့လာရေးစခန်းက သုတေသီဖြစ်ပြီး ကမ္ဘာအနားက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သူပါ။

သူ့အဖွဲ့ဟာ နိုင်ငံတကာ ဂြိုဟ်သိမ်သတိပေးချက် ကွန်ရက်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ တရုတ် ကမ္ဘာမြေစစ်တမ်း အဝေးကြည့်မှန်ပြောင်းကို သုံးပြီး အာကာသအတွင်းထဲကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာနေပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး ဒီအဝေးကြည့်မှန်ပြောင်းဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ဖော်ထုတ်ဖို့နဲ့ ခြေရာခံဖို့ တာဝန်ပေးခံထားရပြီး ကမ္ဘာဂြိုဟ်အတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေအကြောင်း သတိပေးချက်တွေ ထုတ်ပေးခဲ့ပါတယ်။

“အခုအချိန်အထိ ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၆၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီမှန်ပြောင်းတခုတည်းက ဂြိုဟ်သိမ်ဂြိုဟ်မွှား အသစ် ၄၀ ကျော်ကို ရှာတွေ့ဖို့ ထောက်ကူပေးခဲ့ပါတယ်” လို့ ကျောက်က ပြောပါတယ်။

“ကမ္ဘာနားက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို ရေရှည်စောင့်ကြည့်ဖို့ လိုတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီမှန်ပြောင်းက တရုတ်နိုင်ငံရဲ့ စူးစမ်းလေ့လာရေးဒေတာ ၉၀ ရာခိုင်နှုန်းလောက်ကို ပံ့ပိုးပေးပါတယ်။ နိုင်ငံတကာနဲ့ မျှဝေဖို့ပါ” လို့လည်း သူက ဆက်ပြောပါတယ်။

တရုတ် အဝေးကြည့်မှန်ပြောင်းတွေဟာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား အများအပြားရဲ့ ရွေ့လျားမှုကို အတိအကျ ခြေရာခံဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါခဲ့ပါတယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှား အားလုံးက အတော်လေးသေးငယ်ပြီး ထိခိုက်မှု တစုံတရာမရှိဘဲ လေထုထဲမှာတင် ပေါက်ကွဲသွားခဲ့ပါတယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေနဲ့ တိုက်မိမှုအန္တရာယ်ကနေ ကမ္ဘာမြေကို ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်ကို တောင်းဆိုရာမှာ အပြည်ပြည်ဆိုင်ရာ အာကာသ ခရီးသွားမှုဆိုင်ရာ အဖွဲ့ချုပ်ရဲ့ အမှုဆောင်ဒါရိုက်တာ ခရစ္စယံ ဖိုက်တင်ဂျာကလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013