Home
မြန်မာသတင်း
အုတ်ဖိုတွင် စစ်တပ်စခန်းကို PDF သိမ်းပိုက်ဖျက်ဆီး၊ စစ်သား ၈ ဦးထက်မနည်း သေဆုံး
DVB
·
May 28, 2025

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတခုကို မေ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက် ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်ထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ကနေ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ပြန်ကြားရေးတာဝန်ခံက “အုတ်ဖိုမြို့နယ်ထဲမှာရှိတဲ့ ထန်းပင်ကုန်းရွာက ဗိုလ်ရုံစုဂိတ်ကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲထဲမှာ သူတို့ဘက်က စစ်သား ၈ ယောက် သေပြီးတော့ ကျန်တဲ့ကောင်တွေက ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကနေ တူမီးသေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ၅.၅၆ ကျည်အတောင့် ၃၀၀၊ အီနာဂါပို့ကျည် ၅ တောင့်၊ ဆန် ၂ အိတ်၊ စားဆီပုံး ၁ ပုံးနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တာဝန်ခံ ဗိုလ်တောက်တဲ့က “အဲဒီ ဗိုလ်ရုံစုဂိတ်မှာက အင်အား ၃၀ နီးပါးလောက် အထိုင်ချ တပ်စွဲနေကြတယ်။ အဲဒီစခန်းကို သွားတိုက်တဲ့အခါမှာ တိုက်ပွဲက မနက်တကြိမ် ဖြစ်တော့ သူတို့စစ်ကူ ခမရ ၆ တိမ်မြုပ်တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ ပြန်ဆုတ်ခဲ့ရသေးတယ်။ ညနေတကြိမ် ထပ်တိုက်တော့မှ စခန်းရတာ။ တိုက်ပွဲက တရက်တည်းနဲ့ ၂ ကြိမ် ဖြစ်ခဲ့တာပေါ့ဗျာ။ အရင်တခါလည်း အဲဒီစခန်းကို သွားတိုက်ဖူးတယ်။ ဒါပေမဲ့ စခန်းမရခဲ့ဘူး။ အခုတကြိမ်ကတော့ စခန်းသိမ်းနိုင်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်တယ်။ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့တယ်။ အဲဒါပြီးတော့မှ စခန်းတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီဂိတ်စခန်းဟာ ခရီးသွားမော်တော်ယာဥ်တွေဆီကနေ ဆက်ကြေး တောင်းယူတာတွေ နေ့စဥ် ပြုလုပ်နေပြီး ခရီးပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေကိုလည်း မကြာခဏ ပြုလုပ်နေတာဖြစ်လို့ အခုလို တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မင်းလှမြို့နယ်၊ သရော်ကုန်ကျေးရွာ ဘုန်းကြီးကျောင်းကနေ ထွက်ခွာလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်ကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013