Home
နိုင်ငံတကာ
တရုတ် ယဉ်ကျေးမှုလုပ်ငန်းပြပွဲ၌ ကားပျံများ အာရုံစိုက် ချီးကျူးခံရ
DVB
·
May 26, 2025
Photo: CCTV

တရုတ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာ အချက်အချာဖြစ်တဲ့ ရှန်းကျန်းမြို့က ၂၁ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်း ပြပွဲမှာ ကားပျံတွေကို ဧည့်သည်တွေက အာရုံစိုက် ချီးကျူးနေပါတယ်။

မြို့ပြ အမြင့်နိမ့် ရွေ့လျားမှုရဲ့ အနာဂတ်ကို တစေ့တစောင်း ပြသပေးနေတာပါ။  အခုနှစ်ပြပွဲမှာ စက်ရုပ်တွေ၊ ဒရုန်းတွေ၊ စမတ်မျက်မှန်တွေ၊ စမတ်နားကြပ်တွေလို နောက်ဆုံးထွက်ကုန်ပစ္စည်း တချို့ကို ပြည်တွင်းနည်းပညာကုမ္ပဏီ ၂၂ ခုက ပထမဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသခဲ့ပြီး ဉာဏ်ရည်တု (AI) ပြပွဲကို မေ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

တီထွင်ဆန်းသစ်မှုတွေထဲမှာ ပြည်တွင်းမှာ တီထွင်ထားပြီး လျှပ်စစ်တွန်းကန်အားစနစ်နဲ့ မောင်းတဲ့ ဟိုက်ဘရစ်တောင်ပံသုံး ကားပျံလည်း ပါပါတယ်။

ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့အပြင် ထိရောက်တဲ့ အပျော်စီးပျံသန်းဖို့အတွက် ဒီဇိုင်းထုတ်ထားပြီး ကွမ်တုံ-ဟောင်ကောင်-မကာအို ပင်လယ်အော် ဧရိယာအတွင်း မြို့တွင်း ခရီးသွားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ခရီးသည်တွေက ကားပျံရဲ့ အနာဂတ်ဒီဇိုင်းနဲ့ ပိုမြန်ဆန်ပြီး ပျော်စရာကောင်းတဲ့ ခရီးအတွက် စွဲမက်နေကြပါတယ်။

ကားမောင်းရတာ နာရီပေါင်းများစွာ ကြာနိုင်ပေမဲ့ အခု အဲဒီကို ဒီကားပျံ ပျံသန်းဖို့ နာရီဝက်ပဲ လိုတော့တယ်လို့ ဧည့်သည်တယောက်က ပြောပါတယ်။

“အချိန်ကုန်သက်သာတဲ့အပြင် ပင်လယ်ပြင်မှာ ပျံသန်းရင်း တောင်ပေါ်ရှုခင်းတွေကို ခံစားရင်း ပိုကျယ်တဲ့ မြင်ကွင်းကို ကျနော်တို့ မြင်တွေ့နိုင်မှာပါ” လို့ တခြားဧည့်သည်တယောက်က ပြောပါတယ်။

ရှန်ကျန်းဟာ ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံကျော်အထိ မျှော်မှန်းထားပြီး အမြင့်ပေနိမ့် ခရီးသွားလုပ်ငန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ရှေ့တန်းမှာ ရှိနေပါတယ်။

မြို့ထဲမှာ အတက်အဆင်းလုပ်ဖို့ ပလက်ဖောင်းပေါင်း ၁,၀၀၀ ကျော်ကို တည်ဆောက်ပြီး အခုနှစ်ကုန်မှာ စီးပွားဖြစ်ပျံသန်းမှုလမ်းကြောင်း ၁,၀၀၀ ကျော်ကို ဖွင့်လှစ်ဖို့လည်း စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ မြို့ပြလေကြောင်း စီမံခန့်ခွဲရေးဌာနရဲ့ ခန့်မှန်းချက်အရ နိုင်ငံတွင်း ဈေးကွက်ဟာ ၂၀၂၃ ခုနှစ်မှာ ယွမ် ၅၀၀ ဘီလီယံရှိရာက ၂၀၂၅ ခုနှစ်မှာ ယွမ် ၁ ဒသမ ၅ ထရီလီယံနဲ့ ၂၀၃၅ ခုနှစ်မှာ ယွမ် ၃ ဒသမ ၅ ထရီလီယံ အထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်း၊ စူးကျိုးနဲ့ ဒါဇင်များစွာသောမြို့တွေမှာ အမြင့်နိမ့်ပျံသန်းမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးပေးတဲ့ မူဝါဒတွေကို ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013