Home
မြန်မာသတင်း
ပလက်ဝတွင် စစ်တပ်၏မြေမြှုပ်မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
May 24, 2025

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ မေ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဒေသခံပြည်သူ ၁ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဆီကနေ သိရပါတယ်။

CNA ပြန်ကြားရေးတာဝန်ရှိသူက “ပလက်ဝမြို့နယ်ထဲက သူတို့တပ်စခန်းဟောင်းရှိတဲ့ ရှင်းလက်ဝစခန်းနားမှာ ဟင်းစားရှာထွက်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ကြတာပါ။ အဲဒီဘက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအဖြတ်ခံထားရတော့ သတင်းတွေကိုအချိန်နဲ့တပြေးညီမရတာ” လို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့ ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးဝင်းနိုင် ဟာ နေရာမှာသေဆုံးသွားပြီး မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာက အသက် ၃၈ နှစ်အရွယ် ဦးကျော်လှိုင် ကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

CNA အရာရှိတယောက်က “သူတို့ ၂ ယောက်လုံးက ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကနေ ပလက်ဝဘက်ကို စစ်ရှောင်ရင်း အလုပ်လုပ်ကိုင်စားသောက်နေကြသူတွေပါ။ ဦးဝင်းနိုင်က  ခြေထောက်နှစ်ဖက်စလုံးပြတ်သွားတာ။ သွေးထွက်လွန်ပြီး အဲဒီနေရာမှာပဲဆုံးသွားတာ။ ဒဏ်ရာရတဲ့ ဦးကျော်လှိုင်လည်း ဆိုးတာပါပဲ။ ဘယ်ဘက်မျက်စေ့ထိတယ်။ ဘယ်ဘက်လက်အရိုးပွင့်ထွက်သွားလို့ ဆေးကုသမှုတွေတော့ခံယူနေတယ်။ ဒါပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေနင်းမိပြီး ပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရနေကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013