
မော်စကိုမြို့တော် အနီးရှိ ဒိုမိုဒီးဒိုဗိုမြို့က ဗားစီးလက် မူကြိုကျောင်းဝင်းအတွင်း ဒရုန်းအပျက်အစီးတွေ ပြုတ်ကျခဲ့ကြောင်း မေ ၂၁ ရက်မှာ မြို့တော်ဝန်က ပြောကြားခဲ့ပြီး အသေအပျောက် မရှိကြောင်းလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ကလေးတွေနဲ့ ဆရာတွေကို မူကြိုကျောင်းရဲ့ မြေအောက်ခန်းထဲကို ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။
ယူကရိန်း ဒရုန်းတိုက်ခိုက်မှုဟာ မေ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း အစိုးရ တရားဝင် ထုတ်ပြန်ချက်တွေနဲ့ ဒေသတွင်းမီဒီယာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုကနေ ရက်စွဲကို ရိုက်တာက အတည်ပြုလို့ ရခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လူဦးရေ ၂၁ သန်းရှိတဲ့ မော်စကိုမြို့တော်ကို ချဉ်းကပ်လာတဲ့ ဒရုန်းတချို့ အပါအဝင် ရုရှားဒေသအသီးသီးမှာ၊ အများစုက ယူကရိန်းနယ်စပ်ရှိ ရုရှားနိုင်ငံ အနောက်ဘက်ခြမ်းဒေသမှာ ယူကရိန်း ဒရုန်း ၂၃၂ စင်းထက်မနည်းကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မော်စကိုမြို့တော်ရှိ လေဆိပ်တွေကို လေကြောင်းခရီးစဉ်တွေ ဘေးကင်းစေဖို့အတွက် ခေတ္တခဏ ပိတ်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။
အသေအပျောက်သတင်း ထုတ်ပြန်ခြင်းမရှိပေမဲ့ ယူကရိန်းစစ်တပ်က သူ့ရဲ့ဒရုန်းတွေဟာ အော်ရ်ယိုလ်ဒေသရှိ ဘော်လ်ခေါ့ဗ်စကီး ဆီမီးကွန်ဒတ်တာ ပစ္စည်းစက်ရုံကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဒီစက်ရုံဟာ ရုရှားတိုက်လေယာဉ်နဲ့ ဒုံးကျည်ထုတ်လုပ်သူတွေကို ထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်ကြတာကနေ လက်နက်ထုတ်လုပ်ရေး စက်ရုံတွေကို ပစ်မှတ်ထား ဖျက်ဆီးတဲ့ ဒရုန်းအစုအဝေးတွေနဲ့ ဖြန့်ကျက် တိုက်ခိုက်လာကြပါတယ်။
မော်စကိုနဲ့ ကိယက်ဗ်တို့မှာ ဒရုန်းအသစ်တွေကို ဝယ်ယူတီထွင်ကာ ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ တဖက်ကိုတဖက် ဖျက်ဆီးချေမှုန်းပစ်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေနေကြပါတယ်။
စစ်သားတွေဟာ ဒရုန်းတွေကို ကြောက်ရွံ့ကြကြောင်း သတင်းပို့ခဲ့ပြီး ၂ ဖက်စလုံးကတော့ သူတို့ရဲ့ ဝါဒဖြန့်မှုမှာ သွေးထွက်သံယို ဗီဒီယိုဖိုင်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။
Source: Reuters