Home
နိုင်ငံတကာ
မြောက်ကိုရီးယား စစ်သင်္ဘောသစ် ရေချမှု မအောင်မြင်
DVB
·
May 22, 2025
Photo: Maxar Technologies /Handout via REUTERS

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စစ်သင်္ဘောသစ်ကို ရေချချိန်အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့တာကို နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ “ဂရုမစိုက်မှု” ကြောင့် ဖြစ်ရတယ်ဆိုပြီး သည်းမခံနိုင်စရာ ပေါ့လျော့မှုအဖြစ် ဝေဖန်ရှုတ်ချခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KRT ရုပ်မြင်သံကြားက မေ ၂၂ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အရှေ့မြောက်ဆိပ်ကမ်း ချုံးဂျင်းမှာ စစ်သင်္ဘောအသစ် ရေချပွဲ အခမ်းအနားကို ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သူ့သမီးတို့ တက်ရောက်ခဲ့ပါတယ်။

တန် ၅,၀၀၀ ဖျက်သင်္ဘောကို စတင်ရေချချိန်မှာ မအောင်မမြင်ဖြစ်တာကို မျက်မြင်တွေ့လိုက်ရတဲ့ ကင်မ်ဂျုံအန်းက “ဒါဟာ ဆိုးရွားတဲ့ မတော်တဆမှုတခုဖြစ်ပြီး အလုံးစုံ ပေါ့လျော့မှု၊ တာဝန်မဲ့မှုနဲ့ သိပ္ပံနည်းကျအတိုင်း လုပ်တာမဟုတ်ဘဲ တကယ် မဖြစ်နိုင်လောက်တာကို ကိုယ်သိကိုယ်တတ် လုပ်မှုတို့ကြောင့် ဖြစ်လာတဲ့ ရာဇ၀တ်မှုလုပ်ရပ် ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ပြောကြားသွားတယ်” လို့ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်မြင်သံကြား KRT သတင်းမှာ ဖတ်ကြားသွားပြီး သင်္ဘောကို ဇွန်လ ပါတီအစည်းအဝေး မတိုင်ခင် ပြန်လည်ပြုပြင်ထိန်းသိမ်းထားဖို့ အမိန့်ပေးခဲ့ကြောင်းလည်း ဆိုပါတယ်။

အုပ်ချုပ်သူတွေ အတွေ့အကြုံမရှိတာနဲ့ အာရုံပေါ့လျော့တာတွေကြောင့် သင်္ဘောရေချချိန်မှာ ဟန်ချက်ပျက်သွားပြီး စစ်သင်္ဘောရဲ့ အောက်ခြေက အပိုင်းအချို့ ကြေမွသွားတယ်လို့လည်း ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

အခု ဖျက်သင်္ဘောဟာ ဧပြီလတုန်းက နမ်ဖိုမြို့ရဲ့ အနောက်ဘက် ကမ်းရိုးတန်း သင်္ဘောကျင်းမှာ ကင်မ်ဂျုံအန်း တက်ရောက်ခဲ့တဲ့ အလားတူ ရေချပွဲက တခြားဖျက်သင်္ဘောတစီးနဲ့ အရွယ်အစားတူ ဖြစ်နိုင်ကြောင်း အစီရင်ခံစာ ထွက်လာအပြီးမှာ ဒီမတော်တဆမှုက ရှားရှားပါးပါး လူသိရှင်ကြား ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားဟာ အရင်ကလည်း အာကာသယာဉ်လွှတ်တင်ရာမှာ မအောင်မြင်မှုတွေနဲ့ အရပ်သား ဘေးအန္တရာယ်တွေကို ဖြစ်ပေါ်စေတဲ့ မတော်တဆမှုတွေကိုလည်း ကြုံခဲ့ရဖူးပြီး ဒီလိုဖြစ်စဉ်တွေကို ခေါင်းဆောင်ပိုင်းနဲ့ အာဏာရ အလုပ်သမားပါတီရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရာမှာ အသုံးချလေ့ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013