Home
မြန်မာသတင်း
ဩစတြေးလျရောက် ပြည်ထောင်စုဖွား တိုင်းရင်းသားများညီညွတ်ရေး ရိုးရာယဉ်ကျေးမှု ဖလှယ်ပွဲ ကျင်းပ​မည်
DVB
·
May 22, 2025

မြန်မာ့အရေးကိစ္စတွေ၊ ဩစတြေးလျမှာ နေထိုင်ကြတဲ့ ပြည်​ထောင်စုဖွား တိုင်းရင်းသားတွေ အရေးကို ခွဲခြားဆက်ဆံမှုမရှိဘဲ တညီတညွတ်တည်း ဆောင်ရွက်နိုင်ဖို့နဲ့ အထောက်အကူဖြစ်စေဖို့ ရိုးရာယဉ်ကျေးမှုဖလှယ်ပွဲ မဲဘုန်းမြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ရိုးရာယဉ်ကျေးမှုဖလှယ်ပွဲနဲ့ ရိုးရာအစားအသောက် ရောင်းချပွဲကို မဲဘုန်းမြို့မှာ မေ ၂၄ ရက် ၊ ညနေ ၃ နာရီခွဲကနေ ည​နေ ၈ နာရီခွဲအထိ စည်းကားစွာ ကျင်းပသွားဖို့ စီစဉ်နေကြပါတယ်။

ဒီပွဲကို ဩစတြေးလျရောက် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား၊ ဗမာနဲ့ မြန်မာပြည်ဖွား ဂေါ်ရခါးတိုင်းရင်းသားတွေရဲ့ အစုအဖွဲ့ ခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဩစတြေးလျ မြန်မာကွန်မြူနတီ (AMC) က ကြီးမှူးပြီး ပြုလုပ်တဲ့ ပထမဦးဆုံးပွဲတော်လည်း ဖြစ်ပါတယ်။

ဒီပွဲတော်မှာ ပြည်​ထောင်စုဖွား မြန်မာတိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုရအောင် ရည်ရွယ်ထားသလို ဒီညီညွတ်မှုက​နေ ဩစတြေးလျနဲ့ မြန်မာနိုင်ငံက လူငယ်မျိုးဆက်သစ် လူငယ်တွေအတွက် ပညာရေးကျန်းမာရေး၊ လူမှုတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့  AMC ကော်မတီဝင် ချင်းကွန်မြူနဒီခေါင်းဆောင်လည်းဖြစ်တဲ့ ကိုဂျူဒါက ပြောပါတယ်။

ဒီပွဲတော်ကို ဗစ်တိုးရီးယားပြည်နယ်က လွှတ်တော်အမတ်တွေ၊ ဗစ်တိုးရီးယားပြည်နယ် လူမျိုးစုံဆိုင်ရာ လူကြီးမင်းများ၊ မြို့ကောင်စီဝင်တွေ ၊ ဗစ်တိုးရီးယားတက္ကသိုလ်က ပါမောက္ခတို့ တက်ရောက် မိန့်ခွန်းပြောကြားသွားမှာဖြစ်တဲ့အပြင် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေနဲ့ ရိုးရာသီချင်းများဖြင့် ဝေဝေဆာဆာ ကပြဖျော်ဖြေ တင်ဆက်သွားဖို့ ရှိပါတယ်။

ဒီပွဲမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုးရာဖလှယ်ရင်း ရင်းနှီးချစ်ခင်မှု ပိုမှု ရယူနိုင်ဖို့နဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ကဏ္ဍစုံ ပံ့ပိုးကူညီရာမှာ အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ကိုဂျော်နီက ပြောပါတယ်။

“AMC အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က Unity ပါပဲ။ အကြောင်းအမျိုးစုံ၊ ပြသနာမျိုးစုံကြောင့် ဒီကိုရောက်ရှိလာကြတဲ့ ကျနော်တို့ မျိုးနွယ်စုတွေ တကွဲတပြားစီ မဖြစ်ဘဲ တစုတစည်းတည်းနဲ့ ဒီက အဖွဲ့အစည်းတွေနဲ့ စကားပြောဆိုရာမှာ Umbrella တစ်ခုတည်းရဲ့ အောက်မှာ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီကအဖွဲ့အစည်းတွေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြန်မာ့အရေးပြောဆိုရာမှာ One Umbrella အောက်ကနေ ပြောဆိုတာမျိုးကို သူတို့က ပိုနှစ်သစ်သလို ပိုလည်း ထိရောက်တယ်။”

ဒီပွဲတော်မှာ တိုင်းရင်းသားရိုးရာ အစားစာတွေကိုလည်း စုံလင်စွာ​ရောင်းချပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့ အမိပြည်​ထောင်စုကြီးကို ပံ့ပိုးမှာဖြစ်လို့ အားလုံးလာ​ရောက်​ အ​ပေးကြဖို့ ဖိတ်​ခေါ်ပါတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013