Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းဖွင့်ကာလ ကလေးငယ်များအတွက် စိုးရိမ်နေရ
DVB
·
May 21, 2025

ကရင်ပြည်နယ်အတွင်း၊ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျောင်းဖွင့်ကာလ စာသင်ကြားမယ့် ကလေးတွေအတွက် စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့အနီးမှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေပါတယ်။

ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ ဒါ့အပြင် ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

မေ ၂၀ ရက် ညနေပိုင်းလောက်က ဂျိုင်းမြစ်အနီးက ကမ်းနီကျေးရွာနဲ့ ရွာကလေးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “လက်ရှိ ကျောင်းဖွင့်ဖို့ကိစ္စကျတော့ အားလုံးက ဖွင့်စေချင်တယ်။ ကျနော်တို့ ဖွင့်ဖို့ ရမ်းရမ်းဖွင့်လို့ မရဘူးဖြစ်နေတယ်။ ဟိုအရင်လို ကျောင်းစိမ်းဝတ်စုံတွေနဲ့ ဖွင့်လို့မရဘူးလေ။ အဓိကက ကလေးတွေ ပညာသင်ဖို့ အရေးကြီးတယ်။ လေကြောင်းတိုက်ခိုက်မှုက စိုးရိမ်ရတယ်။ စိုးရိမ်ရတာ ကော့ဘိန်းအပြင် ဥပမာ ကမ်းနီ၊ သရက်တော၊ ရွာကလေး၊ ကျောက်ဖျာတို့ဘက် အဲဒီဘက်အခြမ်းမှာ စိုးရိမ်တယ်။ စစ်တပ်တွေနဲ့ အလှမ်းဝေးတဲ့ရွာတွေကျ သူတို့က မည်းမည်းမြင်ရင် ရန်သူထင်သွားရင် ကျူပင်ခုတ် ကျူငုတ်မကျန် စစ်တပ်က လုပ်တတ်တယ်” လို့ ပြောပါတယ်။

ဂျိုင်းမြစ်တလျှောက်က ကမ်းနီ၊ သရက်တော၊ ရွာကလေး၊ ခရစ်(ကျောက်တန်း)၊ ကျောက်ဖျာ စတဲ့ကျေးရွာက ကျောင်းသား ကျောင်းသူ ၄၀,၀၀၀ နီးပါးဟာ လာမယ့် ကျောင်းဖွင့်ချိန် ပညာသင်ကြားဖို့ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်တချို့ရဲ့ သားသမီးတွေကို မော်လမြိုင်၊ ကော့ဘိန်း၊ ဘားအံ၊ ခရားကျေးရွာ စတဲ့ နီးစပ်ရာကျောင်းတွေမှာ စစ်ရှောင်ရင် ကျောင်းတက်နေတာတွေ ရှိပါတယ်။

ဘားအံမြို့ခံတယောက်က “မနေ့က ကျုံဒိုးမှာ ဗုံးကြဲသွားတယ်ဆိုတော့ ဘားအံနဲ့ မဝေးဘူး။ ကျောင်းသားမိဘတွေက သားသမီးတွေအတွက် ကျောင်းသာအပ်ရမှာ စိုးရိမ်ရတယ်။  ကျောင်းသားမိဘတွေက ကျောင်းအပ်ဖို့ အဆင်သင့်နေပြီ။ ဒါပေမဲ့ ကလေးတွေရဲ့ စာသင်ကျောင်းတွေပါ ဗုံးကြဲတယ်ဆိုတော့ မိဘတွေလည်း ထားသာထားရတာ ကျောင်းသာအပ်ရတာ စိတ်မချဘူးပေါ့။ ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအတွက် စိတ်ပူရတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်  လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ အပါအဝင် ဘားအံ-ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013