Home
မြန်မာသတင်း
တမူး ပကဖရဲဘော် ၁၀ ဦး ကိစ္စ စုံစမ်းအရေးယူပေးရန် အိန္ဒိယအစိုးရကို NUG တောင်းဆို
DVB
·
May 21, 2025
Photo: Ko Mawia

တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ယောက်ဟာ ယာယီ စခန်းရွှေ့ပြောင်းတာကို သတင်းကြိုတင်ပေးပို့ထားတဲ့ကြားက ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေး၊ အပြစ်ပေးအရေးယူ ဖြေရှင်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးရွာနားက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက် အခြမ်းမှာ ယာယီစခန်းရွှေ့ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ယောက်လုံးဟာ မေ ၁၄ ရက်မှာ စခန်းကနေ ပျောက်ဆုံးသွားပြီး မေ ၁၆ ရက်မှာ အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ မဏိပူရ်ပြည်နယ် ချန်ဒေခရိုင်ရှိ   အာသံ ရိုက်ဖယ်တပ်ရင်း ဆီက ရုပ်အလောင်း ၁၀ လောင်း အနေနဲ့ ညှိနှိုင်းတောင်းဆို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေဟာ ရဲဘော်တွေ ပျောက်ဆုံးတယ်လို့ သိရတဲ့အချိန်ကနေ ၂၄ နာရီအတွင်း ပျောက်ဆုံး သေဆုံးတာကို အတည်ပြုချက်ရယူရေးနဲ့ ပျောက်ဆုံးသူ၊ ရုပ်အလောင်းတွေ ပြန်လည်ရရှိရေး လုပ်ဆောင်ခဲ့သလို ၇ ရက်အတွင်း စုံစမ်းစစ်ဆေးခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်နိုင်ရေး၊ နောက်ဆက်တွဲ လုပ်ငန်းတွေ ဆောင်ရွက်ရေး စတာတွေကို အိန္ဒိယနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ဖို့ အထူးဖွဲ့စည်းထားတဲ့ Task Force for India အနေနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေ စစ်ဆေးမှုတွေ၊ အစီရင်ခံစာ တွေ့ရှိချက်တွေ၊ ဆွေးနွေးတွေ့ရှိချက်တွေအရ ဖြစ်စဉ်အမှန်ဟာ အိန္ဒိယနိုင်ငံ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ရဲဘော် ၁၀ ယောက်ဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်လို့ ကျဆုံးတာမဟုတ်ဘဲ ယာယီစခန်း ရွှေ့ပြောင်းတာကို သတင်းကြိုတင်ပေးပို့ထားတဲ့ကြားက အာသံရိုင်ဖယ်တပ်ရဲ့ အကြောင်းပြချက် မခိုင်လုံဘဲ ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခံရတာကို သုံးသပ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။

အလောင်းတွေ ပြန်လည်တောင်းခံယူရာမှာလည်း ရဲဘော်တွေဟာ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ပြီး စတင်တိုက်ခိုက်တာကြောင့် နှိမ်နင်းခြင်းခံရတာ၊ နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်တာကို မကန့်ကွက်ဖို့ သဘောတူတဲ့အကြောင်း စတဲ့အချက်တွေကို မြန်မာဘက်က လာရောက်တဲ့ တာဝန်ခံတွေကို ဖိအားပေး လက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူတွေ မဟုတ်တာကို သိလျက်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့အပေါ် တာဝန်ယူမှုရှိစွာနဲ့ စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေးယူ ဖြေရှင်းပေးဖို့၊ နစ်နာမှုတွေအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး နစ်နာသူ မိသားစုတွေကို နစ်နာကြေးပေးဖို့၊ နောင်မှာ အလားတူ ကိစ္စတွေ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးဖို့၊ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးတဲ့ကာလမှာ တဖက်သတ် ခြံစည်းရိုးခတ်တာကို ယာယီရပ်ဆိုင်းထားပြီး အခုလို ဖြစ်စဉ်တွေကို ရှောင်လွှဲဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။

အခုလိုဖြစ်တာဟာ အိန္ဒိယအစိုးရရဲ့ မူဝါဒသဘောထား ရပ်တည်ချက် တစုံတရာကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ယုံကြည်ကြောင်းနဲ့ အရင်က ပေးပို့ထုတ်ပြန်ထားတဲ့ မူဝါဒအတိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးကို အရှည်ရှေးရှုပြီး နယ်စပ်ဒေသကိစ္စရပ်တွေမှာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမှုမှန်မပေါ်ပေါက်ခဲ့ဘူးဆိုရင် ဖြစ်ပေါ်လာမယ့် ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်သူတွေ၊ အိန္ဒိယနိုင်ငံအတွင်းက မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ မလိုလားအပ်တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေမယ့်ကိစ္စတွေ၊ အထူးသဖြင့် နယ်စပ်ဒေသက တော်လှန်ရေးအဖွဲ့တွေအနေနဲ့ နိုင်ငံကြီးသားမပီသတဲ့ ဘယ်လိုအရာကိုမှ မလုပ်ဖို့၊ နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် သယ်ဆောင်တာ ထိန်းချုပ်ရေး အပါအဝင် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013