Home
မြန်မာသတင်း
သပိတ်ကျင်းတွင် စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
DVB
·
May 20, 2025
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ
Photo :ပြင်ဦးလွင်ခရိုင် ပကဖ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတယောက် သေဆုံးကာ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “လိပ်ကျရွာကို ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ဖြစ်ပါတယ်။ ပထမရက်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လိပ်ကျရွာနားက ရွှေလုပ်ကွက်ထဲကို ပေါင် ၃၀၀ ဗုံးတလုံး ကြဲသွားပြီးတော့ နောက်ရက်မှာလည်း အဲဒီရွှေလုပ်ကွက်ထဲကိုပဲ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးတွေ ၂ ကြိမ် ထပ်ကြဲသွားတာပါ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရွှေလုပ်သား အမျိုးသားတယောက် သေဆုံးခဲ့သလို ပြည်သူ ၄ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၇ လုံးလောက်နဲ့ ပြည်သူပိုင် မော်တော်ယာဥ်တွေလည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါ ရွှေလုပ်ကွက်ကို မေ ၁၈ ရက် ည ၇ နာရီဝန်းကျင်မှာ တကြိမ်၊ မေ ၁၉ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ၂ ကြိမ်၊ စုစုပေါင်း ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီက “တိုက်ပွဲမဖြစ်ဘဲနဲ့ကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်သွားတာပါဗျ။ အခုရက်ပိုင်း ကျနော်တို့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရတာတွေက ခပ်စိပ်စိပ်ဖြစ်လာနေတယ်။ အရင်ရက်ပိုင်းကလေးမှ လမ်းလယ်ကျစ်ရွာနဲ့ ၉ မိုင်ရွာကြားက စစ်ဘေးရှောင်တွေ စုနေကြတဲ့ စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံခဲ့ရလို့ စစ်ဘေးရှောင်ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီးတော့ သံဃာတော်တပါးနဲ့ ကလေးငယ်တွေ ဒဏ်ရာရခဲ့ပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေထဲမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို သတိပြုလိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဇရပ်ကွင်းကျေးရွာ ဗုံးကြဲခံရလို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့သလို ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေ ၇ ရက်ကလည်း သပိတ်ကျင်းမြို့နယ် တောင်ခြမ်းက ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးချိန်ကစပြီး အခုမေလကုန်ထိ အပစ်အခတ်ရပ်စဲ​ထားတယ်လို့ ကြေညာထားပေမဲ့ မတ် ၂၈ ရက်ကနေ မေ ၁၅ ရက်အထိ လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်ရေ ၆၆၃ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၅၆ ယောက် သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013