Home
မြန်မာသတင်း
စစ်ကိုင်းတွင် ငလျင်ဒဏ်သင့်အိမ် ဖြိုချပေးရာက ပရဟိသမား ၁ ဦး ဒဏ်ရာရ 
DVB
·
May 19, 2025

စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်သင့်ထားလို့ ဖြိုချဖို့ လိုအပ်နေတဲ့ နေအိမ်ကို ဖြိုပေးရာကနေ ပရဟိတသမားတယောက် ခြေထောက်ကျိုးဒဏ်ရာနဲ့ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ နမ့်လတ် လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မေ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက မင်းလမ်းရပ်ကွက်ထဲက ဖြိုချဖို့ လိုအပ်နေတဲ့ အိမ်ကို မင်းလမ်းလူငယ်အဖွဲ့က သွားရောက်ကူပေးချိန် စလပ်ပြင် (အိမ်အပေါ်မှာ မိုးထားတဲ့ ကွန်ကရစ်ပြင်) ပြိုကျပြီး အသက် ၂၅ နှစ်အရွယ် ပရဟိတသမားတယောက် ဒဏ်ရာရတာလို့ ဆိုပါတယ်။

နမ့်လတ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “မင်းလမ်းလူငယ်အဖွဲ့ကပါ။ ဖြိုနေကျမဟုတ်ဘူး။ ဒီနေ့မှ ရပ်ကွက်ထဲက အသိတွေဆိုတော့ သွားကူကြတာ။ စလပ်ပြင်ပိတော့ ခြေထောက်တော့ ကျိုးသွားတယ်၊ ဗိုက်တော့ထိတယ်။ မစိုးရိမ်ရပါဘူး။ စလပ်ပြင်က ကိုယ်တခြမ်းပိတာ” လို့ ပြောပါတယ်။

ဒဏ်ရာရ ပရဟိတလူငယ်ကို နမ့်လတ် လူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်ပြီး မြစ်သားဆေးရုံကို ပို့ဆောင်ထားတဲ့အပြင် ငွေကျပ် ၅၀၀,၀၀၀ လည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “လာဖြိုပေးတဲ့အဖွဲ့က ရပ်ကွက်က ပရဟိတအဖွဲ့ပဲ။ အိမ်ရှင်က ဖြိုပေးခိုင်းတာ။ ခြေထောက်ကျိုးသွားတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီရင်း နမ့်လတ် လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တယောက်လည်း ကျောက်စက်ထိပြီး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များခဲ့တဲ့ စစ်ကိုင်းမြို့မှာ ၂ လနီးပါးအကြာမှာတော့ အန္တရာယ်ရှိ နေအိမ်တွေအများစု ဖြိုချပြီးဖြစ်ပေမဲ့ မြို့အစွန်အဖျားတွေက ဘုန်းကြီးကျောင်းတွေနဲ့ စက်ကြီးတွေ ဝင်မရတဲ့ နေရာတချို့လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။

အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်မှာ ငလျင်ငယ်တွေဟာ ဆက်တိုက်လှုပ်ခတ်နေပြီး မေ ၁၇ ရက် ညပိုင်းကလည်း မြစ်သားမြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်အကွာ အနက် ၁၀ ကီလိုမီတာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

မေ ၁၈ ရက် ညပိုင်းမှာလည်း မန္တလေးမြို့ရဲ့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အနက် ၁၈ ကီလိုမီတာ ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၁ ရစ်ချ်တာစကေး အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013