Home
အားကစား
၃ နှစ်ဆက် ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရော်နယ်ဒို ရပ်တည်
DVB
·
May 17, 2025
Photo :Reuters

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ ခရစ္စယာနိုရော်နယ်ဒိုက ထိပ်ဆုံးနေရာကို ၃ နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် NBA ဘတ်စကတ်ဘောကြယ်ပွင့် စတက်ဖန်ကာရီက ဒုတိယနေရာနဲ့ ဗြိတိန်လက်ဝှေ့အကျော်အမော် တိုင်ဆန်ဖျူရီတို့က တတိယနေရာကို အသီးအသီး တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီစီးပွားရေးမဂ္ဂဇင်းရဲ့ ဖော်ပြချက်ထားအရ အသက် ၄၀ အရွယ် ရော်နယ်ဒိုဟာ သူ့ကစားသမားဘ၀တလျှောက် ဝင်ငွေအကောင်းဆုံး သူအဖြစ် ၅ ကြိမ်တိုင်တိုင် ရပ်တည်နိုင်ခဲ့ပါတယ်။

အခုနှစ်ထဲမှာ ရော်နယ်ဒိုရဲ့ဝင်ငွေက ဒေါ်လာ ၁၅ သန်း ထပ်တိုးလာခဲ့ပြီး စုစုပေါင်း ၂၇၅ သန်းအထိ ရှိလာခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီပမာဏကို ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားဟောင်း ဖလွိုက်ဒ် မေဝယ်သာ တယောက်တည်းသာ ကျော်ဖြတ်ခဲ့ဖူးပြီး ၂၀၁၅ တုန်းက ဒေါ်လာ သန်း ၃၀၀ နဲ့ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၂၇၅ သန်းကျော်နဲ့ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့  ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ မြင့်မားတဲ့လစာနဲ့အတူ ဆော်ဒီပရိုလိဂ်က အယ်လ်နာဆာ-အသင်းကို  ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်က Follower စုစုပေါင်း ၉၃၉ သန်း အပါအဝင် ကွင်းပြင်ပကြော်ငြာတွေနဲ့ စပွန်ဆာစာချုပ်တွေဟာ ရော်နယ်ဒိုရဲ့ဝင်ငွေကို ပိုပြီးမြင့်မားလာစေခဲ့ပါတယ်။

Golden State Warriors အသင်းရဲ့ကစားသမား ကာရီကတော့ ၃ မှတ်တန် (Three-pointer) သွင်းယူမှုပေါင်း ၄,၀၀၀ ပြည့်မြောက်တဲ့ ပထမဆုံး NBA ကစားသမား ဖြစ်လာခဲ့ပြီး ဒေါ်လာ ၁၅၆ သန်း ဝင်ငွေကို ရရှိထားပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ စိန်ခေါ် ထိုးသတ်ပွဲမှာ ယူကရိန်းနိုင်ငံသား အော်လက်ခ်ဆန်းဒါး အူဆိုက်ခ်ကို ရှုံးနိမ့်ခဲ့တဲ့ တိုင်ဆန်ဖျူရီကလည်း ဒေါ်လာ ၁၄၆ သန်းနဲ့ တတိယနေရာအထိ ရောက်လာခဲ့ပါတယ်။

သမိုင်းတလျှောက် ရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ တတိယကနေ ပဉ္စမနေရာကို ကျဆင်းသွားခဲ့သလို ဝင်ငွေကွာဟချက်လည်း ကြီးမားလာခဲ့ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013