Home
မြန်မာသတင်း
သပိတ်ကျင်းတွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ
DVB
·
May 17, 2025
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်နေတဲ့ နေရာကို စစ်ကောင်စီတပ်က မေ ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လေ​ယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ယောက် သေဆုံးကာ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရရှိခဲ့ကြသူတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “လမ်းလယ်ကျစ်ရွာနဲ့ ၉ မိုင်ရွာကြားမှာ စစ်ဘေးရှောင်တွေ စုနေကြတဲ့ စစ်ဘေးရှောင်စခန်း ၁ ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံလိုက်ရပါတယ်။ အသက် ၆၀ အရွယ် အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့နေရာမှာတင် သေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကလေးသူငယ် ၄ ယောက်နဲ့ ဘုန်းကြီးတပါး အပါအဝင် အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီက “တိုက်ပွဲမဖြစ်ဘဲနဲ့ စစ်ဘေးရှောင်တွေ နေတဲ့နေရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း ကျနော်တို့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြည်သူတွေအနေနဲ့ ဘယ်လိုနေရာမှာပဲနေနေ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားသင့်ပါတယ်” လို့ ပြောပါတယ်။

မေ ၁၀ ရက်ကလည်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဇရပ်ကွင်းကျေးရွာဗုံးကြဲခံရလို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့သလို ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။

မေ ၇ ရက်မှာလည်း သပိတ်ကျင်းမြို့နယ်တောင်ခြမ်းက ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ တယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်းလည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်ကစပြီး အခုမေလကုန်ထိ အပစ်အခတ်ရပ်စဲ​ထားတယ်လို့ ကြေညာထားပေမဲ့ မတ် ၂၈ ရက်ကနေ မေ ၁၅ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအကြိမ်ရေ ၆၆၃ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ၄၅၆ ယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013