Home
မြန်မာသတင်း
ဘန်ကောက် ဆောက်လက်စတိုက်ပြိုကျမှု၌  တာဝန်ရှိသူ ၁၇ ဦး ဖမ်းဝရမ်းထုတ်ခံရ 
DVB
·
May 16, 2025
Photo :Thai PBS

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဘန်ကောက်မြို့ရှိ ဆောက်လက်စ အထပ် ၃၀ ငွေစာရင်းစစ်ချုပ်ရုံး ပြိုကျမှုမှာ တာဝန်ရှိကုမ္ပဏီအသီးသီးက လူပုဂ္ဂိုလ် ၁၇ ယောက်ကို ဘန်ကောက်၊ နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့က မေ ၁၅ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ DSI ရဲ့ စစ်ဆေးချက်အရ အဆိုပါ တိုက်ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒီဇိုင်းဖော်ထုတ်ရေးဆွဲမှု စံချိန်မမီခြင်း၊ အဆောက်အဦရဲ့ ကျောရိုးဖြစ်တဲ့ ဓာတ်လှေခါးကို ဘေးနားကပ်ထားလို့ အလေးချိန်မမျှခြင်း၊ ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ ကွန်ကရစ်သား ကျစ်လျစ်ခိုင်မာမှု KSC စံချိန်မမီခြင်း၊ ဆောက်လုပ်ရေးမှာသုံးတဲ့ သံမဏိချောင်းတွေ စံချိန်မမီခြင်း၊ ဝါရင့်အင်ဂျင်နီယာတွေရဲ့ ထိုးမြဲလက်မှတ်ကို ကာယကံရှင်မသိဘဲ တုပထားခြင်း စတဲ့အချက်တွေ တွေ့ရှိပြီး  ရာဇဝတ်မှုဆိုင်ရာ တရားရုံးအမိန့်နဲ့ အဆိုပါ ၁၇ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်တာလို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူတွေထဲမှာ Forum Architect နဲ့ Mainhart (Thailand) စတဲ့ ဒီဇိုင်းကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူ ၆ ယောက်၊ PKW အကြီးစား ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်ကွပ်ကဲရေး ကုမ္ပဏီမှ တာဝန်ရှိသူ ၅ ယောက်၊ Italian-Thai Development ကုမ္ပဏီနဲ့ China Railway နံပါတ် ၁၀ စတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုမှ တာဝန်ရှိသူ ၆ ယောက်တို့ ပါဝင်ပါတယ်။

အဆိုပါပုဂ္ဂိုလ်ထဲမှာ အသက် ၈၅ နှစ်ရှိ အငြိမ်းစားအင်ဂျင်နီယာတယောက်လည်း ပါဝင်ပြီး သူကတော့ လုပ်ငန်းနဲ့မပတ်သက်ဘဲ မိမိလက်မှတ်ထိုးခဲ့တာကိုလည်း မမှတ်မိဘူးလို့ ဆိုပါတယ်။

မေ ၁၆ ရက် ဒီမနက်ပိုင်းမှာတော့ ဖမ်းဝရမ်းထုတ်ခံရသူတချို့ဟာ နခွန်းဘန်နယ်မြေ ရဲစခန်းမှာ အသီးသီး လာရောက်သတင်းပို့ခဲ့ကြပါတယ်။

အဲဒီထဲမှာ  Italian-Thai ကုမ္ပဏီ ဥက္ကဋ္ဌ သူဌေးကြီး ပရိမ်းချိုင်းကန်း နဆုတ်လည်း ပါပါတယ်။ သူဟာ လက်ရှိ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး နာမကျန်းဖြစ်နေတာကြောင့် ရဲစခန်းကို လက်တွန်းလှည်းနဲ့ ရောက်လာခဲ့ပါတယ်။ သူဟာ အရင်က ကျားနက် တောတွင်းရှားပါးသတ္တဝါကို အပျော်တမ်း အမဲလိုက်ပစ်ခတ်မှုနဲ့ အရေးယူခံခဲ့ရပါသေးတယ်။

ထိုင်းဥပဒေအရ  အဆောက်အအုံ ဆောက်လုပ်ရာမှာ ဥပ‌ဒေက သတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံနဲ့ ဆောက်လုပ်ရေးစံချိန်မမီဘဲ အန္တရာယ်ဖြစ်ပေါ်စေပါက ရာဇသတ်ကြီး ဥ‌ပဒေပုဒ်မ ၂၂၇ အရ ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ် နှစ်ရပ်လုံး ကျခံရမှာ ဖြစ်ပါတယ်။

စံချိန်မမီ အဆောက်အအုံမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေခဲ့ရင် ရာဇသတ်ကြီး ပုဒ်မ ၂၃၈ အရ ဆုံးရှုံးမှု အနည်းအများအလိုက် ထောင်ဒဏ်တသက်တကျွန်းထိ သော်လည်းကောင်း၊ ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၂၀ နှစ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၁ သိန်းမှ ၄ သိန်းထိ လည်းကောင်း၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ ပုံစံထုတ်အင်ဂျင်နီယာ၊ လုပ်ငန်းကြီးကြပ်ကွပ်ကဲရေးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတို့သာ ပါဝင်ပြီး အစိုးရရန်ပုံငွေ အဆိုပြုတဲ့၊ စီမံခန့်ခွဲတဲ့၊ လုပ်ငန်းအပ်နှံတဲ့နေရာတွေမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ငွေစာရင်းစစ်ဆေးရေးဝန်ကြီးနဲ့ ဝန်ထမ်းတွေ မပါသေးပါဘူး။ သူတို့ကိုလည်း DSI က ဆက်လက်စစ်ဆေးဆဲ ဖြစ်ပါတယ်။

စစ်ဆေးဆဲကာလမှာ ရုံးသုံးပရိဘောဂတွေ ဝယ်ယူဖို့ရာမှာလည်း သာမန်ပစ္စည်းထက် ဈေးနှုန်းမြင့်မားစွာ တင်ထားတာရှိတယ်၊ ပြည်သူပိုင်ရုံးဆိုပေမဲ့ ရေချိုးခန်း၊ ပြဇာတ်ရုံတမျှ ကြီးမားခမ်းနားတဲ့ အစည်းအဝေးခန်း၊ လေအေးစက်ပါ နားနေခန်းတွေပါ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း တရားမဝင် တရုတ်နိုင်ငံသား အင်ဂျင်နီယာတွေ ငှားရမ်းထားတာ၊ အမည်ခံကုမ္ပဏီပိုင်ရှင် အသုံးပြုထားတာ၊ တဆင့်ခံ ကန်ထရိုက်တာတွေ ငှားရမ်းပြီး လုပ်အားခရှင်းမပေးတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

အဆိုပါ ဆောက်လက်စ အထပ် ၃၀ ပါ ငွေစာရင်းစစ်ရုံးသစ်ကြီးဟာ မတ် ၂၈ ရက် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်တဲ့နေ့က တုန်ခါမှုဂယက်ကြောင့် ပြိုကျသွားခဲ့တာပါ။

အဆိုပါ ပြိုကျတဲ့တိုက်ရှိရာ ကျဒူးကျတ်နယ်မြေထဲမှာ တခြားအထပ်မြင့် အဆောက်အအုံတွေ ရှိပေမဲ့လည်း ငွေစာရင်းစစ်ရုံးချုပ်တခုတည်းသာလျှင် မိနစ်ပိုင်းအတွင်း လုံးဝပြိုကျသွားတာကြောင့် စုံစမ်းစစ်ဆေးအရေးယူနေတာ ဖြစ်ပါတယ်။

တိုက်ပြိုကျစဉ် အထဲမှာ လူပေါင်း ၁၀၉ ယောက်ရှိပြီး ရှာဖွေရေးနဲ့ အပျက်အစီးပုံ ရှင်းလင်းရေးကို ကယ်ဆယ်ရေးအဖွဲ့တွေက ရက်ပေါင်း ၄၈ ရက်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူ ထပ်မတွေ့နိုင်တော့လို့  ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

တိုက်ပြိုကျမှုကြောင့် ဒဏ်ရာရသူပေါင်း ၉ ယောက်ရှိပြီး အဆောက်အအုံ အပျက်အစီးတွေ အောက်ကနေ ရုပ်အလောင်း  ၈၉ လောင်း တွေ့ရှိကာ ၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်။ အရိုးအပိုင်းအစ ၂၉၆ ခုတွေ့ပြီး ပျောက်ဆုံးသူတွေဟုတ်မဟုတ် DNA ပြန်စစ်ဆေးနေတယ်လို့  ဘန်ကောက်မြို့တော်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။ 

Source : 3 Plus News / CH 7 TV News / ThaiPBS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013