Home
မြန်မာသတင်း
စစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် တပ်ထောက်ခံသူများ အုပ်စုဖွဲ့ ကြိုးပမ်းနေ
DVB
·
May 15, 2025

စစ်ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် စစ်တပ်ရဲ့ ဝါဒဖြန့် လော်ဘီတွေနဲ့ တပ်ထောက်ခံသူတွေက သတင်းအမှားတွေ ဖြန့်ဝေတာကို အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်နေကြောင်း စောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

စစ်တပ်ရဲ့ သတင်းအမှား ဖြန့်ချိတာက အာဏာသိမ်းစကတည်းက စနစ်တကျ ပြုလုပ်နေခဲ့တာ ဖြစ်ပေမဲ့ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာ အသုံးပြုသူ ပြည်သူတွေကို ဖမ်းဆီး ထောင်ချတာတွေကြောင့် စစ်တပ် လော်ဘီတွေရဲ့ သတင်းအမှားဖြန့်ချိမှု ပိုမိုထင်သာလာတာ ဖြစ်ကြောင်း သတင်းအချက်အလက် စစ်ဆေးဖော်ထုတ်နေတဲ့ The Red Flag အဖွဲ့မှ သုတေသီတယောက်က ပြောပါတယ်။

“တကယ့်ပြည်သူစစ်စစ်တွေက သူတို့ရင်တွင်းခံစားချက်တွေကို ဆိုရှယ်မီဒီယာမှာ ထုတ်ဖော် မပြောဆိုရဲကြတော့ပါဘူး။ ဒါကြောင့် အခုချိန်မှာ သူတို့မှတ်ချက်တွေကပဲ ထင်သာမြင်သာ ရှိနေတယ် ဆိုတာက ဖမ်းဆီးခံရမှာ စိတ်ပူစရာမလိုဘဲ စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ ဝါဒဖြန့် ချန်နယ်တွေကသာ ဆိုရှယ်မီဒီယာပေါ်မှာ လွတ်လွတ်လပ်လပ်နဲ့ မှတ်ချက်တွေ ပြုနိုင်တာကြောင့်မို့လို့ ရှိနေတာလို့ The Red Flag အနေနဲ့ တွေ့ရှိထားပါတယ်။ အခုနောက်ဆုံး မေလ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဒီပဲယင်းကိစ္စမှာ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်တဲ့ မှတ်ချက်တွေ လူအများကြီး သေတဲ့ဟာက လုပ်ကြံဖန်တီးထားတဲ့ ရိုက်ကွင်းတွေ ဖြစ်တယ်ဆိုတဲ့အထိ ပုံဖျက်ပြီးတော့ ဖြန့်ချိကြပါတယ်။”

မေ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း စစ်ကောင်စီ ပြန်ကြားရေးဌာန အပါအဝင် ဝါဒဖြန့် သတင်းချန်နယ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုနေပေမဲ့ တဖက်မှာတော့ စစ်ကောင်စီဝါဒဖြန့် လော်ဘီအကောင့်တွေကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေရှိလို့ ဗုံးကြဲချခဲ့တာလို့ ရေးသား ဖြန့်ဝေနေကြတာပါ။

ဒီဖြစ်စဉ် မြေပြင်က တွေ့ရှိချက်တွေဟာ စစ်ကောင်စီနဲ့ စစ်တပ်လော်ဘီတွေရဲ့ ထုတ်ပြန်ပြောဆိုချက်နဲ့ ကွဲလွဲနေတယ်လို့ လူ့အခွင့်အရေးကိစ္စတွေ မှတ်တမ်းတင်နေတဲ့ Fortify Rights က မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ မချစ်ဆိုင်းက ပြောပါတယ်။

“စစ်ကောင်စီရဲ့ သူတို့ ထိန်းချုပ်ထားတဲ့ MRTV ကနေ ညနေပိုင်းမှာ ဗုံးကြဲတဲ့သတင်းပေါ့ ကလေးသူငယ်တွေ အယောက် ၂၀ နဲ့ ဆရာမ ၂ ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းက သတင်းအမှား ဖြစ်ပါတယ်ဆိုပြီး သူတို့ တင်ပြတယ်။ အဲဒီကနေမှ သူတို့ဘက်က ဝါဒဖြန့်တဲ့သူတွေက ဆက်ပြီးတော့ အုံနဲ့ကျင်းနဲ့ ဆက်ပြီး ဖြန့်ကြတယ်။ ကျမတို့ Fortify Rights လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ ဒါကို ကျမတို့ မှတ်တမ်းတင်ခဲ့ပါတယ်။”

သက်သေဖော်ပြချက်တွေရော ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ အကုန်ယှဉ်လိုက်ရင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေက မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာနဲ့ ကိုက်ညီနေတယ်လို့ သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကတော့ သတင်းအမှားတွေ ဖြန့်ဝေတာကို လက်နက်သဖွယ် အသုံးပြုလာနေပြီး သူတို့ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေက မြေပြင် တွေ့ရှိချက်တွေနဲ့ ကွဲလွဲနေကြောင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ စုဆောင်းတာ၊ စစ်ဆေး အတည်ပြု မှတ်တမ်းတင် ဝေမျှတာတွေ လုပ်ဆောင်တဲ့ Myanmar Witness အဖွဲ့က စုံစမ်းစစ်ဆေး ဖော်ထုတ်သူတယောက်ကလည်း ပြောပါတယ်။

“ဖြစ်စဉ်တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေကို စိစစ်ကြည့်လိုက်ရင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့်သာ ပျက်စီးနိုင်တဲ့ အပျက်အစီးမျိုးတွေ တွေ့ရပါတယ်။ အခုဖြစ်စဉ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာ မြန်မာ့လေတပ်တခုတည်းသာ ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပြောကြားချက်တွေနဲ့ သက်သေတွေက လွဲနေတာကို တွေ့ရပါတယ်။ သတင်းတု သတင်းမှားတွေ ဖြန့်ဝေပြီး စစ်ကောင်စီက လက်နက်သဖွယ် အသုံးပြုနေတာကိုလည်း တွေ့ရပါတယ်။ သူတို့က ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေလည်း မဟုတ်သလို သမိုင်းတလျှောက် သတင်းတု သတင်းမှားတွေ ဖြန့်ဝေခဲ့တဲ့အတွက် သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ တင်ပြချက်တွေကလည်း သံသယဖြစ်စရာ ကောင်းပါတယ်။”

စစ်ကောင်စီက ငလျင်လှုပ်ခတ်အပြီး မတ် ၂၈ ရက်ကနေ မေ ၁၄ ရက် ညနေပိုင်းအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို အကြိမ်ပေါင်း ၆၄၀ ပြုလုပ်ခဲ့ပြီး အကြိမ် ၅၀၀ ကျော်က အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာချိန်မှာ ပြုလုပ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၄၅ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူပေါင်း ၉၆၈ ယောက် ရှိခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013