Home
ဆောင်းပါး
သေနတ်ယဉ်ကျေးမှုနဲ့ မြန်မာ့ကံကြမ္မာ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
May 15, 2025

ပထမပြည်တွင်းစစ်မီးကို ကျော်ငြိမ်းနဲ့ ဗဆွေက မွှေးခဲ့တယ်လို့ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တခု မကြာသေးခင်က  လိုင်းပေါ်တက်လာတယ်။ ရေးသူက ၈၈ မျိုးဆက်ကျောင်းသားတဦးမို့ အသက် ၅၀ ကျော်အရွယ်၊ နိုင်ငံရေးဖြတ်သန်းမှု တစုံတရာရှိသူတဦးရဲ့ ပြည်တွင်းစစ်မှတ်ချက်။ ကျနော်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ မှတ်ခဲ့တဲ့ လက်ဝဲစာအုပ်တွေက ဒီနေ့ထိတိုင် သူ့ကို လွှမ်းမိုးထားဆဲမို့ အံ့အားသင့်ရတယ်။ လက်ယာ ဆိုရှယ်လစ် အချောင်သမား ကျော်ငြိမ်းနဲ့ ဗဆွေကို ချေမှုန်းကြဆိုတဲ့ ရှေးသရောအခါက ရဲရဲတောက် ကြွေးကြော်သံကိုလည်း အရှင်လတ်လတ် ပြန်ကြားရတယ်။

လွတ်လပ်ရေးနဲ့အတူ လက်ဝဲ၊ လက်ယာ အပြုတ်တိုက်၊ အမြစ်ဖြတ် ခြွင်းချက်ဆိုတာမျိုးမရှိ။ ပြည်တွင်းစစ်ရဲ့ တရားခံဟာ ဒင်းပဲဆိုတဲ့ အပြန်အလှန် လက်ညှိုးငေါက်ငေါက်ထိုး အဖြေထုတ်။ ပြည်တွင်းစစ်မီးကို မြှိုက်ပေးတဲ့ အချက်အလက်များစွာရှိပေမဲ့ နိုင်ငံရေးပညာရှင် ဒေါက်တာဘမော်ရဲ့ မှတ်ချက်က ပြည်တွင်းစစ်မီးရဲ့ အရင်းအမြစ်။

ဒုတိယကမ္ဘာစစ်ကာလကို ဖြတ်သန်းလာခဲ့ကြတဲ့ ဗမာလူငယ်တွေ လက်နက်ရဲ့အရသာကို ကောင်းကောင်းသိသွားကြပြီ။ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မစဉ်းစားကြတော့ဘဲ လက်နက်ကိုင် ထကြွနည်းနဲ့သာ ဖြေရှင်းဖို့ ထက်သန်နေကြပြီတဲ့ ဒေါက်တာဘမော်က ဆိုတယ်။

လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားတွေက သမိုင်းတရားခံကိုသာ အငြိုးတကြီး ရှာဖွေခဲ့ကြလေတော့ ကိုယ့်ရုပ် ကိုယ်မှန်ထဲ ရဲရဲကြည့်ဖို့၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဖို့ဆိုတာ မေ့လျော့ခဲ့တဲ့ပုံ။ အာဏာဟာ သေနတ်ပြောင်းဝကနေသာ ထွက်လာမယ်လို့ အလွတ်ကျက် ဖြေဆိုခဲ့ကြလေတော့ ဟုန်းဟုန်းတောက်နေတဲ့ စစ်မီးထဲ ဓာတ်ဆီလောင်း ငြှိမ်းသတ်ခြင်းသာ တတ်နိုင်ခဲ့ကြတယ်။

တုတ်၊ ဓား၊ လက်နက်၊ အင်းအိုင်လက်ဖွဲ့တွေဟာ နေမဝင်အင်ပါယာကြီးအတွက် ခြင်ကိုက်သလောက်သာ တတ်နိုင်ကြောင်း တောင်သူလယ်သမားအရေးတော်ပုံနဲ့ ကြိုးစင်ပေါ်တက်သွားတဲ့ ဆရာစံဆီက ဗမာလူငယ်တွေ သင်အံခဲ့ရတယ်။ ချောက်မြို့ကနေ ရန်ကုန်အထိ ချီတက်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးဟာ အရေးပါတဲ့ လူထုတိုက်ပွဲကြီးတရပ်အဖြစ် ခမ်းနားခဲ့ပေမဲ့ အဆုံးသတ်တိုက်ပွဲသို့ ချီရာ ခြေလှမ်းတလှမ်းသာ ဖြစ်ကြောင်းလည်း သခင်လူငယ်တွေ ကိုယ်တွေ့ကြုံခဲ့တယ်။

လူငယ်တွေ စစ်ပညာတတ်ဖို့ လိုတယ်။ လူငယ်တွေရဲ့လက်ထဲ သေနတ်ရှိမှ ဖြစ်မယ်။ စစ်တပ်ရှိမှ အင်္ဂလိပ်နယ်ချဲ့ကို စိန်ခေါ်နိုင်မယ်လို့လည်း အဲဒီခေတ်က သင်ကြားပေးခဲ့တယ်။ ပင်လယ်ထဲ ကျသွားတဲ့ အပ်တချောင်းကို လိုက်ရှာရသလို ဖြစ်ချင်ရာဖြစ် နိုင်ငံခြားထွက် သေနတ်ရှာပုံတော် ဖွင့်ကြတယ်။ သေနတ်ပေးမယ်၊ စစ်ပညာပေးမယ် ဆိုတဲ့ ဂျပန်နဲ့ ဖြစ်ချင်ရာဖြစ် လက်ချင်းချိတ်ခဲ့ကြတယ်။ သေနတ်နည်းနည်း၊ ရဲဘော်များများ ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် သိပ်မကြာတဲ့ အချိန်အတွင်း အိပ်မက်ဟာ လက်တွေ့အဖြစ် ဗမာ့တပ်မတော်ကြီး တည်ထောင်နိုင်ခဲ့တယ်။

သေနတ်၊ သေနတ်ချင်း ယှဉ်ပြိုင်တိုက်ခိုက်တော့မှ နေမဝင်အင်ပါယာကြီး အိန္ဒိယပြေးရကြောင်း မျက်မြင်တွေ့ခဲ့ကြတယ်။ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး ရတယ်။ ဂျပန်ပေးသလောက် အာဏာနဲ့ အစိုးရတွေ ဘာတွေလည်း ဖြစ်လာတယ်။ ဂျပန်သင်ပေးခဲ့တဲ့ စစ်ပညာနဲ့ ဂျပန်ကို တော်လှန်ရမယ်ဆိုပြီး မဟာမိတ်တွေနဲ့ ချိတ်ဆက်ကြပြန်တယ်။ လူကရှိပြီးသား သေနတ်ရှိဖို့ရာ နံပါတ်တစ်။ ဒုတိယကမ္ဘာစစ်ဆိုတာ စားပွဲဝိုင်းပေါ်မှာ ငြင်းခုံ ဒီဘိတ် လုပ်ကြတာမှ မဟုတ်ဘဲ။ သေနတ်ချင်း၊ အသက်ချင်း၊ နိုင်ငံချင်း၊ အုပ်စုချင်း။ နိုင်တဲ့သူက သွေးနဲ့ဖောက်ထားတဲ့ ရှန်ပိန်သောက်ကာ သမိုင်းမော်ကွန်းတင်။ အောင်နိုင်သူတွေသာ သမိုင်းရေးကြကြောင်း အံတင်းတင်းကြိတ် ခေါင်းငိုက်စိုက်ချ ဂျပန်တွေကို ဒုတိယကမ္ဘာစစ်အပြီးမှာ ကောင်းကောင်း မြင်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး သေနတ်ယဉ်ကျေးမှုကို အကောင်းဆုံး ထုဆစ်နိုင်ခဲ့ကြတယ်။ သေနတ်သာလျှင် အာဏာကို အဆုံးအဖြတ်ပေးမယ်လို့ ကောင်းကောင်းသိသွားကြလေတော့ တိုးတိုးတိတ်တိတ် သေနတ်တွေစုကြ။ သေနတ်ယဉ်ကျေးမှုရဲ့ သိသာထင်ရှား ပထမအချက်က ဂဠုန်ဦးစောကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု။ အဲဒါရဲ့အဆက် နိုင်ငံရေးအကြမ်းဖက်မှု။ ဒင်းတို့သေရင် ငါအာဏာရနိုင်မယ်ဆိုတဲ့ ဦးစောရဲ့ မတော်အိပ်မက်။ ဦးအောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ အတွင်းဝန်ရုံးမှာ သွေးချောင်းစီးခဲ့ရ။ ပြီးတော့ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ထဲမှာပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးတင်ထွဋ် ကားဗုံးထောင် လုပ်ကြံခံရ၊ ဒီနေ့ထိတိုင် လက်သည်မပေါ်။

သေနတ်ယဉ်ကျေးမှုက သိပ်အားကောင်းလွန်းလေတော့ ဆန့်ကျင်ဘက်အရပ်က ဒီမိုကရေစီ ယဉ်ကျေးမှု ဆိုတာကြီး ခေါင်းမဖော်နိုင်အောင် ပြားပြားမှောက်ခဲ့ရတယ်။ ဒီမိုကရေစီယဉ်ကျေးမှု ဆိုတာ ပြဿနာတွေကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာခြင်း။ ဆွေးနွေးမှုတချို့ ရှိခဲ့ပေမဲ့ အဖြေရှာချင်လို့ ဆွေးနွေးကြတာ မဟုတ်လို့ လက်ညှိုးငေါက်ငေါက်ထိုးကြတဲ့ ဆွေးနွေးပွဲတွေသာ ဖြစ်ခဲ့တယ်။

သေနတ်ယဉ်ကျေးမှုက အားကောင်းလာတော့ စစ်တပ်လည်း အားကောင်းလာတယ်။ စစ်တပ်အားကောင်းလာတော့ စစ်သားတွေက သူတို့ကိုယ်သူတို့ အသက်ပေးတိုက်ကာ တိုင်းပြည်ကို ကာကွယ်နေသူတွေ၊ ပြည်သူတို့ရဲ့ ကျေးဇူးရှင်တွေအဖြစ် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်တော့တယ်။ နိုင်ငံရေးသမားတွေက အာချောင်ဖို့သာ တတ်စွမ်းပြီး အဲဒီလို အာချောင်တတ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ငါတို့စစ်သားတွေ ဘာ့ကြောင့် အသက်ပေးနေရတာလဲ လို့လည်း မေးခွန်းထုတ်လာတယ်။ နောက်တဆင့်၊ သူတို့လောက်တော့ ငါတို့လည်း တိုင်းပြည်အုပ်ချုပ်နိုင်တာပဲဆိုတဲ့ ဘဝင်နဲ့ သေနတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိတဲ့အချိန် တိုင်းပြည်ရဲ့ကံကြမ္မာဟာ အာဏာသိမ်းခြင်းဘူတာမှာ ထိုးဆိုက်တော့တယ်။

ပထမအာဏာရှင် ၂၆ နှစ် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ထိ ရောက်အောင် ဉာဏ်ကြီးရှင် စစ်ဗိုလ်ချုပ်တွေ ခြေစွမ်းထက်ခဲ့တယ်။ မသေမချင်း နေမဝင်ဘူးလို့ ထင်ခဲ့တဲ့ နေဝင်းကို ရှစ်လေးလုံး အရေးတော်ပုံကြီးက မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ ကန်ချနိုင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်အာဏာကို ဘိုးဘွားအမွေလို့ မှတ်ယူနေတဲ့ စစ်တပ်က ထပ်မံအာဏာသိမ်းကာ ဒုတိယစစ်အာဏာရှင်ခေတ်ကို ပြည်သူ့အသက်တွေ ချနင်းပြီး ထူထောင်၊ သေနတ်ယဉ်ကျေးမှုကို လက်ဆင့်ကမ်းခဲ့တယ်။

အခုတော့ တတိယအာဏာရှင်ခေတ်ကို ထူထောင်ဖို့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနဲ့ စစ်ဗိုလ်ချုပ်တွေ အိပ်မက်ဆိုး မက်နေတဲ့ကာလ။ သေနတ် သေနတ်ချင်း တည့်တည့်ရှင်းခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံး ရေဆူမှတ်သို့ ရောက်ရှိ။ သေနတ်ယဉ်ကျေးမှုကို သေနတ်နဲ့ရှင်းကာ မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ် ဆိုတဲ့ ကြွေးကြော်သံကိုလည်း ကြားရတဲ့ကာလ။ လက်နက်ကို ကြာကြာအားကိုးခဲ့တဲ့သူတွေဟာ လက်နက်ကို အင်အားလို့ ထင်သွားကြကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆိုခဲ့ဖူးတဲ့စကား ကြပ်ကြပ် မှတ်သားကြဖို့လိုမယ်။ သေနတ်တွေ၊ ကျည်ဆန်တွေရဲ့ကြား သေနတ်ယဉ်ကျေးမှု ဘယ်လဲဆိုတဲ့ မေးခွန်းထုတ်သံကိုလည်း အကျယ်လောင်ဆုံး ကြားနေရပြန်တယ်။

ထွန်းလင်း (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024