Home
မြန်မာသတင်း
ရမည်းသင်းမြို့နယ်ရှိ ငလျင်ဘေးသင့် ကျေးရွာများတွင် အကူအညီမရသူများရှိနေ
DVB
·
May 14, 2025

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင်းက ကျေးရွာတွေမှာ သေဆုံးသူတွေနဲ့ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေကို စစ်ကောင်စီက ထောက်ပံ့ရာမှာ ရသင့်ရထိုက်သူတွေ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် ရမည်းသင်းမြို့နယ်အတွင်းက မြို့လှ၊ သီးကုန်း ၊ ပင်းစုမြောက်၊ ပင်းစုတောင်၊ ပဲ့ဆည်၊ ဝါးရုံတော၊ တံတားဦး၊ မြို့‌ဟောင်းကျေးရွာက နေအိမ်၊ အဆောက်အဦ ၃၈ လုံး ပြိုကျပြီး ၂၄၈ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၁ ယောက်နဲ့ ဒဏ်ရာရသူ  ၆၇၇ ယောက်ရှိခဲ့ပါတယ်။ မေ၁၂ ရက်က ငလျင်ဒဏ်ကြောင့် နေအိမ်ထိခိုက်သူတွေကို စစ်ကောင်စီက တအိမ်ကို ကျပ် ၅၀,၀၀၀ ၊ သေဆုံးသူကို ကျပ်  ၁၅ သိန်း၊ သဘာဝဘေးအန္တရာယ်စီမံအဖွဲ့က ကျပ်  ၃ သိန်း ထောက်ပံ့ပေးတာတွေရှိပါတယ်။

ဒေသခံတယောက်က “မနေ့က ကျနော် တွင်းစုကိုသွားတဲ့အချိန်မှာ စစ်ကောင်စီကနေပြီးတော့ ထောက်ပံ့တာတွေရှိတယ်။ မနေ့ကမှ  စတွေ့ရတယ်။ အရင်က မတွေ့ရဘူး။ လူတိုင်းစေ့ မရဘူး။ ငလျင်လှုပ်ပြီး ၅ ရက်အတွင်းမှာ စစ်တမ်းကောက်လိုက်တယ်။ သေဆုံးသူ ဒီအုပ်စုက ၅ ယောက်ရှိရင် ၅ ယောက်ပဲ။ ၅ ရက်ကျော်မှ ငလျင်ကြောင့် အရင်ထိထားတာ၊ ဒဏ်ရာရတာ၊ သေသွားတာတွေ မရဘူး”လို့ ပြောပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တွေ ပြန်ဆောက်မယ်ဆိုရင် စစ်ကောင်စီက ထောက်ပံ့မှုအပြင် အလှူရှင်လှူဒါန်းတာတွေနဲ့ လုံလောက်မှုမရှိဘဲ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူတယောက်က  ပြောပါတယ်။။

“သူတို့ ထောက်ပံ့တာက ဘယ်လိုထောက်ပံ့တာလဲ ကျနော်တို့က မသိဘူး။ အိမ်ပျက်စီးတယ်အပေါ် ထောက်ပံ့တဲ့အတိုင်းအတာတော့ နားမလည်ဘူး။  မရဘူးဆိုတဲ့ အသံတော့ ကြားနိုင်တယ်။ ထောက်ပံ့တဲ့ဟာ မရဘူးဆိုရင် လောလောဆယ် ပြင်ပပုဂ္ဂလိက က လာလှူထားတာတွေလည်း ရှိပါတယ်။  ဘယ်လိုအိမ်တွေပဲဖြစ်ဖြစ် နိုင်ငံတော်ကပဲ ထောက်ပံ့။ တကယ်တမ်း ပြန်ဆောက်မယ်ဆိုရင် နိုင်ငံတော်ထောက်ပံ့မှုကော အလှူရှင်တွေ လှူထားတဲ့ဟာကော လုံလောက်မှုမရှိဘူး။ လိုအပ်ချက်ကတော့ ရှိနေမှာပဲ။”

မိုးရာသီ ဝင်ရောက်လာပြီဖြစ်လို့ ငလျင်သင့်ပြည်သူတွေအတွက် အမိုးအကာတွေ အရေးပေါ်လိုအပ်နေသေးတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၃၅၅ ယောက်နဲ့ ငလျင်ဘေးသင့်သူ ၁၉၀၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB ရဲ့ အချက်အလက်တွေအရ သိရပါတယ်။   

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013