
ဆီးရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပြီး ဆီးရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။
ထရမ့်ပ်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေပြီး ဆီးရီးယားခေါင်းဆောင် အာမတ်အယ်ရှာရာကို နှုတ်ဆက်ဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ပ်က ဆီးရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးမယ်လို့ ပြောဆိုခဲ့အပြီးမှာ ဆီးရီးယားပြည်သူတွေဟာ မြို့တော် ဒမတ်စကပ်မှာ ပြည်သူတွေ လမ်းမပေါ်ထွက်ပြီး ကခုန်တာတွေ၊ သေနတ်ပစ်ဖောက်ပြီး အောင်ပွဲခံတာမျိုးတွေနဲ့ ပျော်ရွှင်ခဲ့တာ တွေ့ရပါတယ်။
ဆီးရီးယားနိုင်ငံဟာ စီးပွားရေးပိတ်ဆို့ခံရချိန် အကူအညီပေးရေး အပါအဝင် နိုင်ငံခြားငွေကြေး စီးဆင်းတာတွေ ပိတ်ပင်ခံထားရပါတယ်။
အာဏာရှင် အာဆတ် အစိုးရ ပြုတ်ကျပြီးနောက် ပေါ်လစီပြောင်းလဲလာတာက ကောင်းမွန်ခြင်းတွေရဲ့ အခွင့်အရေးလို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါ့အပြင် ဆီးရီးယားနိုင်ငံဟာ သူတို့ရဲ့ ထွန်းလင်းတောက်ပမယ့်အချိန် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထရမ့်ပ်ရဲ့စကားနဲ့ ပတ်သက်ပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ဒါဟာ နိုင်ငံအတွက် အရေးပါတဲ့ အလှည့်အပြောင်း ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။
ဆီးရီးယားနိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်ပွဲတွေနဲ့ ပျက်စီးခဲ့ပြီးတဲ့နောက် တည်ငြိမ်မှု၊ ပြန်လည်တည်ဆောက်မှုတွေနဲ့ အနာဂတ်ကို တည်ဆောက်ရမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဏာရှင်ဟောင်း အာဆတ် လက်အောက်မှာ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီဇင်ဘာလမှာ အစိုးရသစ်က ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားခေါင်းဆောင် အယ်ရှာရာက ဆီးရီးယားနိုင်ငံဟာ ကမ္ဘာကို ခြိမ်းခြောက်မှာ မဟုတ်ကြောင်းနဲ့ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ လိုအပ်တယ်လို့လည်း ဘီဘီစီနဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Source: Reuters