Home
မြန်မာသတင်း
ပခုက္ကူတွင် ပျူစောထီး ၂ ဦးကို PDF ဖမ်းဆီး
DVB
·
May 14, 2025
Photo: Myingyan Black Tiger, Badassess Burma Force

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ပျူစောထီး ၂ ယောက်ကို မေ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ကြတယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက “သွားတာက တခြားစစ်ဆင်ရေးကိစ္စ။ ပြောရရင်ဗျာ ဗိုလ်တယောက်ကို သွားလုပ်ရင်းနဲ့ အခုကောင်ကို တွေ့လို့ ဆွဲခေါ်တာလာ။ လုပ်ဖို့သွားတဲ့ ဗိုလ်တကောင်ကိုတော့ မလုပ်ဖြစ်ဘူးပေါ့။ အခု ဖမ်းမိလာတဲ့သူကိုတော့ နယ်မြေခံ ပကဖ ဆီကို လွှဲပေးလိုက်ပြီးတော့ စစ်ဆေးမှုတွေ ဆက်လုပ်နေကြတယ်” လို့ ပြောပါတယ်။

MBT တပ်ဖွဲ့နဲ့အတူ နဂါးမင်း PDF ပူးပေါင်းပြီး အရှင်ဖမ်းမိသူဟာ ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်းနဲ့ ၇ လမ်းကြားမှာ နေထိုင်တဲ့ ပျူခေါင်းဆောင် အရှည်ကြီး (ခ) ဒူးရှည် ဖြစ်ပြီး မေ ၉ ရက် ညနေ ၅ နာရီဝန်းကျင်မှာ သူနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မေ ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ပခုက္ကူမြို့ စက်မှုဇုန်ရပ်ကွက်ရှိ  KTV ထဲကနေ ပျူစောထီးတယောက်ကို လက်နက်နဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

Badassess Burma Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပွိုင့်က “ပြည်သူတွေဆီကနေ သတင်းပေးလို့ စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ ပခုက္ကူတပ်မ ၁၀၁ က ဗိုလ်မှူးတယောက်ပိုင်တဲ့ KTV ထဲကို နေ့လယ် ၁ နာရီလောက် ဝင်ဖမ်းခဲ့တာပါ။ အထဲမှာ အရက်သောက်နေကြတာ ၃ ယောက် တွေ့ပါတယ်။ ၂ ယောက်က ထွက်ပြေးသွားတယ်။ အခုဖမ်းမိတဲ့ကောင်က ကောင်တာမှာ ထိုင်နေတဲ့ကောင်ပါ။ သူနဲ့အတူ ပစ္စတိုတလက်ပါ သိမ်းနိုင်ခဲ့တယ်။ သူကလည်း ပခုက္ကူမြို့ပေါ်မှာ နေတာ။ အဲဒီ KTV မှာ မန်နေဂျာလိုလို ဘာလိုလိုနဲ့ သတင်းပေးလုပ်နေတာ။ KTV က ဗိုလ်မှူးတကောင် ဖွင့်ထားတာဆိုတော့ သူတို့တပ်အသိုက်အဝန်းနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ စီးပွားရေးသမားတွေ ဝင်ထွက်သွားလာကြတာ များတယ်။ အခုမိလာတဲ့ကောင်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားပေးထားပြီးတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ KTV ဆိုင်ထဲကနေ ဖမ်းဆီးရမိသူဟာ အသက် ၄၈ နှစ်အရွယ် စစ်ကောင်စီသတင်းပေး ပျူစောထီး မျိုးအောင် ဖြစ်ပြီး သူနဲ့အတူ ဖမ်းဆီးရရှိတဲ့ ပစ္စတိုသေနတ်ဟာ ZCZ အမျိုးအစား ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးမှုကိုတော့ ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း ၁ နဲ့အတူ Badassess Burma Force အဖွဲ့က ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ကြကာ အဆိုပါရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းက စစ်ကောင်စီလက်အောက်ခံတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြပေမဲ့ PDF ရဲဘော်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီ ၁၀ ရက် ညပိုင်းကလည်း ပခုက္ကူဂေါက်ကွင်းကနေ စက်မှုဇုန်ရပ်ကွက်က အိမ်ဖြူတော် KTV ကို ကားနဲ့လာတဲ့ ကပစ ၂၄ က ဗိုလ်မှူးသော်ဇင်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ပခုက္ကူမြို့မှာ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားကနေ အခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်နေတာတွေ မပြုလုပ်ကြဖို့ သတိပေးထားတယ်လို့လည်း ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013