Home
မြန်မာသတင်း
စစ်ကောင်စီက ငလျင်ကိုခုတုံးလုပ်ပြီး နိုင်ငံတကာတွင် တရားဝင်မှုရယူရန် ကြိုးပမ်းနေ
DVB
·
May 13, 2025

စစ်ကောင်စီက ငလျင်ကို ခုတုံးလုပ်ပြီး နိုင်ငံတကာမှာ ဝင်ဆံ့အောင် တရားဝင်မှုရရှိအောင် ကြိုးစားပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်လို့ သတင်းစာဆရာတွေနဲ့ အရပ်ဖက် အဖွဲ့တွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်မှာ နိုင်ငံတကာက အထောက်အပံ့ အကူအညီတွေ အများအပြား လက်ခံရရှိထားတဲ့ စစ်ကောင်စီက နိုင်ငံတကာမျက်နှာစာမှာ နေရာပြန်ယူလာနေပြီး တရားဝင်မှုရယူဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံရေးကိစ္စတွေမှာ နှစ် ၄၀ ကျော် အတွေ့အကြုံရှိတဲ့ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာက ထောက်ပြပြောဆိုပါတယ်။

“ငလျင်က စိတ်ဝင်စားစရာ အပြောင်းအလဲ ဖြစ်လာပါတယ်။ ငလျင်ကြောင့်ပဲ စစ်ကောင်စီဟာ တချိန်က သူ့ကို ကြဉ်ထားတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဆက်အသွယ် ပြန်ရလာတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့လည်း ငလျင်ဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့ဆိုရင် စစ်ကောင်စီနဲ့ပဲ မလွဲမသွေ ဆက်ဆံကြရမှာပါ။ ဆိုတော့ အမေရိကန်လို ဒီမိုကရေစီအကူအညီတွေ၊ မီဒီယာအထောက်အပံ့တွေကို ဖျက်သိမ်းထားတဲ့ နိုင်ငံတောင် အကူအညီပေးမယ်လို့ ကတိပေးလာရပါတယ်။ မင်းအောင်လှိုင်ဟာ သူ့နိုင်ငံက ငလျင်ကြောင့် တစစီပြိုလဲနေချိန်မှာ ဘန်ကောက်မှာ ဘင်းစတက်အစည်းအဝေးတက်လိုက်၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဓာတ်ပုံရိုက်လိုက် လုပ်နေခဲ့တယ်။ သူ့အနေနဲ့ ဒီပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်တင်ပြီး ပြည်ပနိုင်ငံတွေရဲ့ အသိအမှတ်ပြုခံနေရပြီဖြစ်ကြောင်း ပြချင်ပုံရပါတယ်။ စစ်ကောင်စီဟာ ငလျင်ကို ခုတုံးလုပ်ပြီး တရားဝင်မှုရယူဖို့ ကြိုးစားနေတာပါ။ အတိုင်းအတာတခုထိ အောင်မြင်တယ်လို့လည်း ပြောနိုင်ပါတယ်။”

စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲထားတာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး မေ ၃၁ ရက်ထိ အပစ်အခတ် ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ အပစ်အခတ်ရပ်စဲထားပြီးနောက်မှာပဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါင်း ၄၇၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငလျင်အကြောင်းပြ အပစ်အခတ်ရပ်စဲတာဟာ ပြည်သူတွေနဲ့ ကမ္ဘာကို လှည့်စားဖို့ဖြစ်ပြီး ငလျင်ဘေးကို အကြောင်းပြကာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတာလို့  လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ စိုင်းအာကာက ပြောပါတယ်။

“တကယ်တော့ စစ်ကောင်စီကပြောတဲ့ ယာယီအပစ်အခတ်ရပ်စဲတယ် ဆိုတာကတော့ သိတဲ့အတိုင်းပဲ ပြည်သူတွေနဲ့ ကမ္ဘာကို လှည့်ဖျားဖို့ ထုတ်ပြန်ထားတဲ့ ကြေညာချက် သက်သက်ပါပဲ။ ငလျင်ဘေးကို အကြောင်းပြပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်။ တဖက်မှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီးတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်။ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ စုံစမ်းမေးမြန်း ထုတ်ဖော်ချက်တွေနဲ့ ဒေသခံတွေရဲ့ ထုတ်ဖော်ပြောဆိုမှုအရ တွေ့တာကတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အများဆုံး တွေ့ရတယ်ပေါ့နော်။ တဆက်တည်းမှာပဲ အနီးအနားက ဒေသတွေကို လာရောက် ပစ်ခတ်တိုက်ခိုက်တာလေး ရှိတယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။”

အခုနောက်ဆုံး မေ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ဆရာတွေ အပါအဝင် ၂၂ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ငလျင်လှုပ်ခတ်အပြီး မတ် ၂၈ ရက်ကနေ မေ ၁၂ ရက် ညနေပိုင်းအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို အကြိမ်ပေါင်း ၆၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဒီတိုက်မှုတွေကြောင့် လူပေါင်း ၄၁၉ ယောက် သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာ ရရှိသူပေါင်း ၈၅၆ ယောက် ရှိခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013