Home
နိုင်ငံတကာ
အစ္စရေး-အမေရိကန် ဓားစာခံ ၁ ဦး ပြန်လွတ်မြောက်၊ ဓားစာခံ ၅၈ ဦး ကျန်နေသေး
DVB
·
May 13, 2025
Photo: Israeli Army Handout / THE WHITE HOUSE VIA X

ဂါဇာမှာ တိုက်ပွဲတွေ ခဏတာရပ်ထားချိန် အစ္စရေး-အမေရိကန် ဓားစာခံ အဲဒန်းအလက်ဇန္ဒားကို မေ ၁၂ ရက်မှာ ဟားမတ်စ်တွေက ပြန်လွှတ်ပေးခဲ့ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေအားလုံး ပြန်လွှတ်ပေးဖို့တွေကို သဘောတူညီမှု မရခဲ့တာကြောင့် ဂါဇာမှာ ဖမ်းဆီးခံထားရဆဲ ဓားစာခံတွေ ၅၈ ယောက် ကျန်ရှိနေပါသေးတယ်။

အသက် ၂၁ နှစ်ရှိ အဲဒန်းအလက်ဇန္ဒားဟာ တနင်္လာနေ့မှာ အစ္စရေးနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး အမေရိကန်မှ ရောက်ရှိလာတဲ့ သူ့ရဲ့မိသားစုနဲ့ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါတယ်။

အလက်ဇန္ဒားဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို အသေအပျောက်များတဲ့ ဝင်ရောက်စီးနင်းမှုအတွင်း ဟားမတ်စ်တို့ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကို ၁၉ လကြာ ဖမ်းဆီးခံထားရမှုကနေ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က  လွှဲပြောင်းပေးခဲ့ပြီးနောက်မှာ အသက် ၂၁ နှစ်ရှိ အဲဒန်းအလက်ဇန္ဒားကို လက်ခံရရှိကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အလက်ဇန္ဒားဟာ ဟားမတ်စ်တွေ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေထဲက နောက်ဆုံးအသက်ရှင်တဲ့ အမေရိကန်လူမျိုးဖြစ်ပြီး သူ့အခြေအနေက မကောင်းဘူးလို့ အစ္စရေးရဲ့ Channel 12 က သတင်းရင်းမြစ်ကို မဖော်ပြဘဲ ပြောသွားပါတယ်။

သူ့ကို ဆေးကုသမှုခံယူဖို့နဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဆေးရုံကို အစ္စရေးလေတပ် ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ဒေသတွင်းကို လာရောက်ဖို့ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အလက်ဇန္ဒားကို လွှတ်ပေးလိုက်တာဖြစ်ကြောင်း ဟားမတ်စ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ အလက်ဇန္ဒား လွတ်မြောက်လာမှုဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးဖိအားပေးမှုနဲ့ ထရမ့်ပ်ရဲ့ နိုင်ငံရေးဖိအားတွေကြောင့်လို့ ပြောပါတယ်။

အဲဒန်း အလက်ဇန္ဒား လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေမဲ့ ဂါဇာမှာ ဟားမတ်စ်တွေ ဖမ်းဆီးထားဆဲ ကျန်ရှိဓားစာခံတွေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲပါ။

တဲလ်အဗစ်ရှိ ရင်ပြင်မှာ လူတွေစုရုံးကာ အလက်ဇန္ဒား လွတ်မြောက်လာတဲ့သတင်းကို စောင့်ကြည့်ခဲ့ကြပြီး ကျန်ဓားစာခံတွေကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ဟားမတ်စ်၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့အကြား ၄ ပွင့်ဆိုင် ဆွေးနွေးမှုအပြီးမှာ အလက်ဇန္ဒား လွတ်မြောက်မှုဟာ ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံထားရဆဲ ကျန်ရှိတဲ့ ဓားစာခံ ၅၈ ယောက် လွတ်မြောက်ဖို့ လမ်းဖွင့်ပေးနိုင်ခဲ့ပြီး သူတို့ထဲမှာ အယောက် ၂၀ လောက်သာ အသက်ရှင်ကျန်မယ်လို့ ယူဆရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013