Home
မြန်မာသတင်း
စစ်တပ် အဆက်မပြတ်ဗုံးကြဲမှုကြောင့် ခမရ ၅၉၈ တပ်ရင်းမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်
DVB
·
May 12, 2025

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာအနီးက သိမ်းပိုက်ရရှိထားတဲ့ ခမရ ၅၉၈ တပ်ရင်းကနေ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်လာတာကြောင့် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို ဆက်ပြီး မထိန်းချုပ်နိုင်တော့လို့ မေ ၁၁ ရက်မှာပဲ ပြန်လည်ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “လေယာဉ်နဲ့ တောက်လျှောက်ကြဲနေတော့ ခမရ ၅၉၈ ကနေ ပြန်ဆုတ်ပေးလိုက်ရတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ ကြောက်စရာ တောက်လျှောက်ကြဲတာ။ ဒရုန်းကော လေယာဉ်ကော အဆက်မပြတ်ကိုကြဲလို့ နောက်ဆုတ်ပြီးတော့ ပြန်ဝိုင်းထားရတာ” လို့ DVB ကို ဒီနေ့ မေ ၁၂ ရက်မှာ အတည်ပြုပါတယ်။

မေ ၈ ရက်မှာ ခမရ ၅၉၈ သိမ်းခံလိုက်ပြီးနောက် မေ ၁၀ ရက်မှာ စစ်ကောင်စီ တပ်အင်အား ၅၀၀ ဝန်းကျင်နဲ့ ဝေါမြို့နယ်ဘက်ခြမ်းကနေ စစ်ကူပို့ခဲ့တဲ့အပြင် လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ကူတာတွေပါ လုပ်နေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝေါမြို့နယ် ဆင်ရွာ၊ သူရဲသမိန်ရွာဘက်ကနေ စစ်ကူပို့တာဖြစ်ပြီးတော့ တပ်မမှူးကိုယ်တိုင် ဦးဆောင်လာတာလို့လည်း သိရပါတယ်။

ဝေါဒေသခံတယောက်က “ဒီကြားထဲ လက်နက်ကြီးနဲ့ကလည်း တောက်လျှောက်ပစ်တာ။ နေ့ရော ညပါ ကြဲနေတာပဲ။ လေယာဉ်က အပေါ်မှာ တောက်လျှောက်ပဲ ဝဲနေတာ။ ဒီနေ့လည်း လေယာဉ်တွေဝဲနေတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝေါမြို့နယ်ဘက်ခြမ်းက သူတို့တပ်စွဲထားတဲ့ သူရဲသမိန်၊ ဆင်ရွာ၊ ဂျိုးလေးရွာတွေအပြင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်ကနေလည်း တောက်လျှောက် ပစ်ကူပေးနေတာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မေ ၁၁ ရက် ထုတ်ပြန်ချက်မှာတော့ ခမရ ၅၉၈ တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲကနေ ပွိုင့် 5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် ၃ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားအလောင်း ၃၀ တွေ့ရပြီး စစ်သုံ့ပန်း ၆ ယောက်၊ မိသားစုဝင် ၇ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီးတော့ တပ်ရင်းမှူး အပါအဝင် အရာရှိတွေနဲ့ တပ်သားအယောက် ၅၀ လောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ညောင်ခြေထောက်ရွာတွေ အနီးမှာတော့ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ နဲ့ အမှတ် ၅၈၉ ခြေမြန်တပ်ရင်းတွေ ရှိနေတာပါ။

တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်ထဲက ကွင်းဆိပ်၊ ဒုံဇရစ်၊ ညောင်ခြေထောက်၊ ရှမ်းစုနဲ့ ဇလုတ်ကြီးရွာတွေက ဒေသခံတွေ ထွက်ပြေးရပြီးတော့ ဝေါမြို့နယ်ဘက်ခြမ်းမှာတော့ သူရဲသမိန်၊ စက်စု၊ ဂျိုးလေး၊ ဆင်ရွာ၊ လက်ပန်၊ ဝိုင်းပတ် စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013