Home
မြန်မာသတင်း
ချောင်းဦးမြို့နယ် မှန်ချိုရွာကို စစ်တပ်က ဗုံးကြဲပစ်ခတ်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
May 12, 2025

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို စစ်တပ်က မေ ၁၂ ရက် မနက် ၉ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မှန်ချိုရွာသားတယောက်က “လေယာဉ်က တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ဖြစ်တယ်ဗျ။ ကျနော်တို့ရွာကို ၉ နာရီ ၇ မိနစ်က တလုံး၊ ၉ နာရီ ၁၄ မိနစ်က ၂ လုံး စုစုပေါင်း ၃ လုံး ချသွားတယ်ဗျ။ ရွာမြောက်ပိုင်း တလုံးကျတယ်၊ ရွာအလယ်ပိုင်း တလုံးချတယ်။ ရွာအရှေ့ပိုင်း တလုံးလည်းချတယ်။ ရွာအရှေ့ပိုင်းကျတာက မောင်နိုင်တိုးတို့အိမ်ပေါ် တည့်တည့်ကျတာ။ အဲလိုကျပြီး ဒေါ်သန်းဆင့်နဲ့ ဒေါ်ထွေးညို ၂ ယောက် သေဆုံးတယ်။ ဒေါ်ထွေးညိုက အိမ်ပါမီးလောင်လို့ အလောင်းပါ မီးလောင်ခဲ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါ မှန်ချိုရွာဟာ ချောင်းဦးမြို့တောင်ဘက် တမိုင်အကွာမှာ တည်ရှိသလို အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တယောက်က “အမျိုးသမီး ၂ ယောက် သေတယ်၊ နွား ၃ ကောင် သေတယ်၊ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရတယ်။ သိုးက ၁၀ ကောင်သေတယ်၊ ဝက်က တကောင်သေတယ်။ အိမ် ၂ လုံး မီးလောင်ပြီး ၁၀ လုံးထက်မနည်း ပျက်စီးတယ်ဗျ။ အခုလည်း ချောင်းဦးဘက်ကနေ လက်နက်ကြီးနဲ့ ၁၀ လုံးပစ်သေးတယ်။ စစ်ကြောင်းကလည်း ချောင်းဦးက ထွက်လာတယ်လို့ ကြားလို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း ချောင်းဦးမြို့နယ်၊ အနိမ့်ရွာခေါ် သုံးပန်လှရွာကို အခုလို လေယာဉ်နဲ့ ပစ်ခတ်လို့ ကလေးငယ် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013