Home
မြန်မာသတင်း
ဒီးမော့ဆိုက စစ်ဘေးရှောင်ပြည်သူများ မိုးကာအကူအညီ လိုအပ်
DVB
·
May 11, 2025
Refugee_11052025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ပြည်သူအများစုဟာ မိုးကာတဲတွေနဲ့ ဆောက်လုပ်နေထိုင်ရတဲ့အတွက် ရာသီအကူးအပြောင်းမှာ ပေါက်ပြဲ ပျက်စီးကုန်လို့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူ Job for Kayah အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မိုးရာသီရောက်ပြီး မိုးကလည်း တောက်လျှောက်ရွာလာပြီဆိုတော့ မိုးမရွာခင်ကတည်းက စစ်ဘေးရှောင်တွေက ကျနော့်ဆီ အကူအညီတောင်းထားတာတွေရှိတယ်။ အဓိကကတော့ အမိုးပေါ့နော်။ အမိုးအကာအတွက် မိုးကာတွေ တောင်းထားတာပေါ့။ တော်တော်များများကတော့ မိုးကာတွေ ပေါက်ပြဲကုန်ပြီဗျ၊ သူတို့တင်တောင်းလာတဲ့ စာရင်းတွေအရ စားနပ်ရိက္ခာပြီးရင် မိုးကာပေါ့နော်။”

နွေရာသီနဲ့ ဆောင်းရာသီမှာတုန်းက သုံးထားတဲ့  မိုးကာတွေဟာ နေဒဏ်လေဒဏ်ကို ခံထားရလို့ ဆွေးမြေ့လာပြီး မိုးရွာချိန်မှာတော့ ပေါက်ကွဲကုန်လို့ မိုးမလုံဘူးဖြစ်နေကြပါတယ်။ ဒါ့အပြင် မိုးရွာပြီး မိုးသီးကျတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် တဲအိမ်တချို့ ပျက်စီးရတာတွေလည်း ရှိနေပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “အန်တီတို့အိမ်က မိုးတွေယိုနေတော့ ကတ်ခူလေးတွေနဲ့ ခံထားလည်း ဒီကတ်ထူတွေက မိုးရေတွေနဲ့ ထိပြီး ဆွေးပြီးတော့ ရေတွေက စီးကျပြီးမှ အထပ်ထပ်ခံရတယ်။ အိပ်ရာကို အကုန်လုံးခေါက်ပြီး တပိုင်တနိုင်လေး နံရံလေးမှာမှီပြီးမှ အိပ်ရတယ်။ အခုဆို မိုးတွင်းဆိုတော့ ခြင်တွေလည်း များပြီ။ ခြင်ထောင်ဆိုလည်း အန်တီ့ခြင်ထောင်က ပဲ့ရွဲ့နေပြီ မဝယ်နိုင်သေးဘူး။ ဒီဘက်မှာ ကုန်စျေးနှုန်းတွေက တအားရှားတော့ စားရေးသောက်ရေးတောင် အဆင်မပြေတော့ဘူး။ မဝယ်နိုင်ဘူးပေါ့နော့်။”

စစ်ဘေးရှောင်ကာလ ၄ နှစ်လောက်ရှိလာတဲ့အတွက် စစ်ရှောင်ပြည်သူ တချို့က တနှစ်ပြီးတနှစ် လဲနေရတဲ့ မိုးကာအစား သွပ်ကို အစားထိုးပြီး မိုးထားသူတွေရှိသလို မိုးကာနဲ့ပဲ အသုံးပြုနေပြီး မိုးမလုံတဲ့သူတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲအထိ ရှိနေပြီး စစ်ဘေးရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပြီး မိုးကာလိုအပ်ချက်ကလည်း ကြီးမားနေပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးတွေ၊ မိုးကာတွေနဲ့ စားနပ်ရိက္ခာတွေအပြင် တကိုယ်ရည်သုံး အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013