Home
မြန်မာသတင်း
အပစ်ရပ်သက်တမ်းတိုးပြီးနောက် TNLA ထိန်းချုပ်နယ်မြေကို အကြိမ် ၁၀၀ ထက်မနည်း စစ်ကောင်စီတိုက်ခိုက်
DVB
·
May 10, 2025

စစ်ကောင်စီတပ်ဟာ သဘာဝဘေးကြောင့်ဆိုပြီး ယာယီအပစ်အခတ်ရပ်စဲရေးကို မေ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သက်တမ်းတိုးခဲ့ပေမယ့်  အဲဒီနေ့ကစပြီး TNLA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက်တာ ၈ ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီ အပစ်ရပ်သက်တမ်းတိုးတယ်လို့ ထုတ်ပြန်တဲ့ မေ ၆ ရက်နေ့က TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာက TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

မေ ၈ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ၉၀၂ အမြောက်တပ်က TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာထဲက မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတယောက်အပါအဝင် ဒေသခံ ၄ ယောက်သေဆုံးခဲ့ပြီး ၇ ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ မေ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှု ၈ ကြိမ် ရှိခဲ့ပါတယ်။

မေ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ TNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ ဗုံး ၃၀ ကျော်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေကဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ အကြိမ်ပေါင်း ၁၀၀ နီးပါး၊ အဆိပ်ငွေ့ဗုံးပေါင်း ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း ၁ လ ထပ်တိုးထားပေမယ့်လည်း အခုလို ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိကြဖို့လည်း TNLA က သတိပေးထုတ်ပြန်ထားပါတယ်။

TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘဲ တဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းတိုးတယ်လို့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကတော့ စစ်ကောင်စီက ယာယီအပစ်ရပ်ထားတဲ့ကာလမှာ လေကြောင်းတိုက်ခိုက်တာတွေ၊ ထိုးစစ်ဆင်တာတွေ ပိုလုပ်လာတာကြောင့် ဒီအခြေအနေတွေကို လက်ရှိအချိန်မှာစောင့်ကြည့်နေတယ်လို့ မေ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

သူတို့အနေနဲ့ မေ ၁ လတာ အပစ်ရပ်ထားတဲ့အတွက် ထိုးစစ်ဆင်မှာမဟုတ်သေးသလို စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို မိမိကိုယ်ကိုခုခံကာကွယ်ဖို့တော့ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013