Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်စစ်ကြောင်းထိုးပြီး စစ်ရှောင်အိမ်များမှ ပစ္စည်းများယူသွား
DVB
·
May 10, 2025
Photo : Tun Tun

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့ပစ္စည်းတွေကို သယ်ယူသွားတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ဝတ်ကုန်း၊ တုံးတောအထက်စု၊ ရှားတောစု၊ ကျောင်းကွင်း၊ စန်းကုန်း စတဲ့ကျေးရွာတွေမှာ မေ ၇ ရက်ကစလို့ မေလ ၁၀ ရက် ဒီနေ့အထိ စစ်ကြောင်းထိုးနေပြီး စစ်ရှောင်နေရတဲ့ အရပ်သားတွေရဲ့အိမ်တွေထဲက ဆန်၊ ကြက်၊ ဝက်၊ စပါး စတဲ့ပစ္စည်းတွေကို သယ်ယူသွားတာလို့ဆိုပါတယ်။

ဒေသခံတယောက်က “ဘာမှကိုမရှိတာအကုန်ယူသွားတာ။ ဒီပတ်ဝန်ကျင်းမှာက သူတို့တပ် (စစ်ကောင်စီ)ပဲ ရှိတာ။ တော်တော်လွန်ပါတယ်။ ဆန်အိုးတွေထဲက ဆန်တွေပါယူသွားတာ။ အင်အားမနည်းဘူး စစ်ကြောင်းထိုးနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား ၇၀ လောက်နဲ့ နေ့စဉ် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေအနီးကဒေသခံတွေဟာ သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ်၊ မီးသွေးဖုတ်လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေ ကောင်းကောင်းမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အလုပ်ကောင်းကောင်း မလုပ်ရဘူး။ စစ်ကောင်စီတပ်သားတွေကို ရှောင်နေရတာ။ သူတို့လာတာနဲ့ အလုပ် လုပ်နေတာတွေ့ရင် PDF တွေလာလား၊ အကြမ်းဖက် အဖွဲ့တွေကို မဝှက်ထားနဲ့ ဖမ်းမယ်ဆီးမယ်ပြောတာ။ ကြောက်တယ်လေ။ သူတို့က ဖမ်းချင်ဖမ်း ပစ်သတ်ချင် သတ်သေးတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတာအပြင် ဆီဆုံကုန်းကျေးရွာဘက်ကနေ ဒေသခံတွေရဲ့ လယ်ယာစိုက်ခင်းတွေနဲ့ တောတောင်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီဆိုတဲ့ ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်ကရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013