Home
မြန်မာသတင်း
တရုတ်သမ္မတနှင့် မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံ၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကူညီမည်ဟု ပြော 
DVB
·
May 10, 2025
Photo: CINCDS

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရုရှားနိုင်ငံမှာ တွေ့ဆုံပြီး  ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် စစ်ခေါင်းဆောင်က အကူအညီတောင်းခံခဲ့သလို တရုတ်သမ္မတကလည်း ကူညီပေးမယ်လို့ ပြောကြားလိုက်ပါတယ်။ 

မော်စကိုမြို့၊ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရုရှားနိုင်ငံမှာ ရောက်နေတဲ့ တရုတ်သမ္မတနဲ့ မြန်မာ စစ်ခေါင်းဆောင်တို့ဟာ မေ ၉ ရက်မှာ  Soluex Hotel Moscow ရှိ ဘေဂျင်း  ဧည့်ခန်းမဆောင်မှာ သီးခြားတွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် စစ်ကောင်စီရဲ့ လုပ်ဆောင် ချက်တွေကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ မြန်မာငလျင်အတွက် တရုတ်ဘက်က လူသားချင်းစာနာမှု အကူအညီတွေပေးနေကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မောနင်းက ထုတ်ပြန်ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က  မြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက် ဝမ်းနည်းကြောင်း၊  ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့လည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ ပြောတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက  သတင်းထုတ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက်ကူညီဆောင် ရွက်ပေးသွားမယ်၊ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နဲ့အညီ ဆောင်ရွက်နေတယ်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးနေသလို ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာမှာ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိ ကူညီပေးခဲ့ကြောင်း၊  တရုတ်အစိုးရက မြန်မာအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူညီတွေ ပေးခဲ့တဲ့အပေါ် အစဉ်ကျေးဇူးတင် အမှတ်ရနေမှာဖြစ်ကြောင်း၊   ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဟာ ရေရှည်ဆောင်ရွက်ရမှာ ဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ လိုအပ်တာတွေ ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေနဲ့ ပတ်သက်လို့  ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလို့ ကျေးဇူးတင်ရှိပါကြောင်း၊   ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာမှ လေ့လာရေးအဖွဲ့တွေ ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေ ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂ နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စတွေ ပူးပေါင်းဆောင်ရွက် ရေးတို့ကို  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံဆွေးနွေး ပွဲကို စစ်ကောင်စီ ခေါင်းဆောင်နဲ့အတူ   ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ၊  ဒုဝန်ကြီးတွေ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီးနဲ့ တာဝန်ရှိသူတို့ တက်ရောက်ကြပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ သမ္မတရှီနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီဗဟို အဆင့်မြင်ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းစစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတတို့ရဲ့ ပထမဆုံး တွေ့ ဆုံမှုဖြစ်ပါတယ်။ ရုရှားနိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ  ဒီခရီးစဉ်မှာ ရုရှားသမ္မတ ပူတင်နဲ့ သီးခြားတွေ့ဆုံမှုတော့ မရှိသေးပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013