Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် အင်းလေး၌ ဆေးပေးခန်းများ ပိတ်ရမည့်အခြေအနေ ကြုံနေရ
DVB
·
May 9, 2025

အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့တာ တလကျော် ကြာမြင့်လာပြီဖြစ်ပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ကျန်းမာရေးဆေးပေးခန်းတွေလည်း ပုံမှန် လည်ပတ်နိုင်တာ မရှိသေးသလို ဆေးဝါးပြတ်လပ်မှုတွေကိုပါ ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။

လက်ရှိ အင်းလေးဒေသမှာ ရေမသန့်ရှင်းမှုကြောင့် ဒေသခံတွေဟာ အရေပြားရောဂါကို ခံစားနေကြရသလို ပြီးခဲ့တဲ့အပတ်က မိုးဆက်တိုက်ရွာလို့ ဖျားနာတာတွေ၊ နာမကျန်းတာတွေ အဖြစ်များနေကြတယ်လို့ အင်းလေး၊ ကေလာကျေးရွာနေ ဒေသခံတယောက်က ပြောပါတယ်။

“ကျန်းမာရေးဆေးခန်းကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျသွားတော့လေ။ အခုထိတော့ ပြန်လည် မလုပ်နိုင်သေးဘူးပေါ့နော်။ ဆေးဝါးတွေကလည်း လုံလောက်မှုမရှိပါဘူး။ ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရတုန်းပါ။ မိုးတွေက ဆက်တိုက်ရွာသွားတော့ ချောင်းဆိုး ရင်ကြပ်တာတွေ၊ ကိုက်ခဲတာတွေ၊ ခေါင်းကိုက်တာတွေ အဖြစ်များကြပါတယ်။ အဓိကက ချောင်းဆိုးရင်ကြပ်ပေါ့နော်၊ ငလျင်ဒဏ်ကြောင့် နှလုံး‌ရောဂါ၊ နှလုံးနဲ့ပတ်သက်ပြီး တော်တော်များများ ဖြစ်တယ်ပေါ့နော်။ တခုခုဆို လန့်တယ်၊ တခုခုဆို ရင်ဘတ်အောင့်တယ်၊ အသက်ရှူမဝဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတွေ အနည်းငယ်လောက် ရှိပါတယ်၊ ဒါပေမဲ့ ရေကြောင့် ယားနာဖြစ်တဲ့သူတွေ ပိုများပါတယ်။”

အခုလို ငလျင်သင့် အင်းလေးဒေသမှာ ကျန်းမာရေးဆေးပေးခန်းတွေ ပုံမှန်မလည်ပတ်နိုင်တဲ့ အခြေအနေမှာပဲ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးခန်းတွေ ပိတ်သိမ်းရမယ့် အရေးနဲ့ ကြုံနေရပါတယ်။

ဆေးဝါးမလုံလောက်တဲ့အပြင် အလှူရှင် နည်းပါးနေတဲ့အတွက် အခုလို ပိတ်သိမ်းရမယ့်အရေးနဲ့ ကြုံနေရတယ်လို့ အင်းလေးဒေသမှာ အခမဲ့ ကျန်းမာရေး‌စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုချိန်ထိတော့ ကျနော်တို့က အခမဲ့ ဆေးဝါးကုသမှုတွေ ပေးနေပါသေးတယ်။ ဒါပေမဲ့ ဆေးဝါး မလုံလောက်တော့ဘူး။ တဖက်မှာလည်း အလှူရှင်မရလို့ပါ။ ကျနော်တို့က အစက ဆေးဝါးမလုံလောက်လို့ ဆိုပြီး မြို့နယ်ကျန်းမာ‌ရေးဌာနကို အကူအညီ‌တောင်းတာပေါ့နော်။ အဲဒီမှာ ရပ်ကျေးကနေ ပြန်ပြောတာကတော့ ဆေးကုန်သွားရင် ရပ်ဖို့နဲ့ ဒီကုသမှုတွေအားလုံးကို ရပ်ဆိုင်းပေးဖို့ ပြောလာတာပါ။ ဒေသန္တရဆေးပေးခန်းတွေ ပြန်ဖွင့်နိုင်လို့ ကျနော်တို့ဘက်က ရပ်ပေးရတာကက အကြောင်းမဟုတ်ပါဘူး။ ခုက ဒေသန္တရဆေးပေးခန်းတွေလည်း မဖွင့်နိုင်သေးတဲ့အချိန်မှာ ကျနော်တို့လို အခမဲ့ဆေးပေးခန်းတွေ ပိတ်လိုက်ရင် အင်းလေးဒေသခံ ပြည်သူတွေရဲ့ ကျန်းမာရေးက ပိုပိုပြီး ဆိုးဝါးလာနိုင်တဲ့အတွက် ဒီယာယီဆေးပေးခန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အင်းလေးဒေသက ကျေးရွာ ၂၅ ရွာလောက်မှာ သေဆုံးသူ ၁၀၀ နီးပါးရှိခဲ့ပြီး အဆောက်အအုံ ၃,၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းရုံး (PYO) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013