Home
မြန်မာသတင်း
မုံရွာမြို့နယ်၌ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
DVB
·
May 8, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီတပ်က မေ ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် စက်တပ်လေထီးနဲ့ပါ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိုက “စစ်ကိုင်းမြို့ရဲ့ အရှေ့ဘက်ကပ်နေတဲ့ ကျောက္ကာတောင်ရွာနဲ့ ကျောက္ကာမြောက်ရွာတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်တပ်လေထီးတွေနဲ့ ဗုံးကြဲတယ်။ လက်နက်ကြီးကျည်ကျတာက ကျောက္ကာတောင်ရွာ။ ၃ လုံးကျတယ်။ ရွှေဂူနီဘုရားတောင်ဘက် ကပ်ကျတာ။ အိမ်တွေကြားကျတယ်။ လူနေအိမ် ပျက်စီးတာတွေ ရှိပြီးတော့ ပြည်သူထိခိုက်တာတွေ ရှိတယ်။ သေဆုံးမှုတော့မရှိဘူး။ ကျောက္ကာမြောက်ရွာကိုက စက်တပ်လေထီးနဲ့ ဗုံး ၂ လုံးကြဲတယ်။ အဲဒီ စက်တပ်လေထီးတွေကလည်း မုံရွာ နမခထဲက တက်လာတာ။ အဲဒီဗုံးကြဲလို့ ဆိုင်ကယ်စီးနေတဲ့ ပြည်သူတယောက် သေဆုံးတယ်။ ကျန်တဲ့ အသေးစိတ် အခြေအနေတွေတော့ မရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားသူဟာ ကျောက္ကာမြောက်ကျေးရွာက အသက် ၃၀ အရွယ် အမျိုးသားတယောက်ဖြစ်ကာ ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံက “စစ်ကောင်စီလက်အောက်ခံ မုံရွာ နမခ ကနေ မုံရွာပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်လိုက်၊ စက်တပ်လေထီးတွေ တက်တက်ပြီးတော့လည်း ဆက်တိုက် ဗုံးကြဲလိုက် လုပ်နေတာ၊ အရင်လကုန်ပိုင်းလောက် ကတည်းက” လို့  ပြောပါတယ်။

ဧပြီ ၂၃ ရက် မနက်ပိုင်းက ရှင်ငါးဆယ်ကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက်ပိုင်း ဧပြီ ၂၅ ရက်ကစလို့ စစ်ကောင်စီလက်အောက်ခံ နမခ ထဲကနေ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲနေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မုံရွာမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ထောင်ချီတဲ့ ဒေသခံ ပြည်သူတွေလည်း ဘေးလွတ်ရာနေရာတွေမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက် ပြုလုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေအပေါ်မှာ မယုံကြည်ကြဘဲ သတိဝီရိယနဲ့ နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013