Home
နိုင်ငံတကာ
၃ ရက်ကြာ အပစ်ရပ်ရေး ရုရှား ကြေညာ၊ ယူကရိန်းဘက်က တိုက်ခိုက်လာလျှင် တုံ့ပြန်မည်ဟုဆို
DVB
·
May 7, 2025
Photo: Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အမိန့်အရ ယူကရိန်းမှာ မေ ၈ ရက်မှ ၁၀ ရက်အထိ အပစ်အခတ်ရပ်စဲရေး ရုရှားတပ်ဖွဲ့တွေက စီစဉ်ထားပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ တပ်စခန်းတွေကို တိုက်ခိုက်လာပါက တုံ့ပြန်တိုက်သွားမယ်လို့ ကရင်မလင်နန်းတော်က မေ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဆိုဗီယက်ယူနီယံနဲ့ သူ့ရဲ့မဟာမိတ်တွေက ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အနိုင်ယူခဲ့တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲကြောင်း ပူတင်က ဧပြီ ၂၈ ရက်က ကြေညာထားပါတယ်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး က ကာလတို အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ အခုချိန်ထိ ငြင်းဆိုထားပုံရပြီး သူက အနည်းဆုံး ရက်ပေါင်း ၃၀ ကြာမြင့်မယ့် အပစ်အခတ်ရပ်စဲရေးကိုပဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေတာလို့ ပူတင်က ပြောပါတယ်။ 

စိတ်ကူးတစ်ခု အကောင်အထည်မဖော်ခင်မှာ အများကြီးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ပူတင်က ဆိုပါတယ်။ 

၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးမှာ ဇီလန်စကီး က လက်မှတ်မထိုးရင် ရုရှားက ဘာလုပ်မလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ကရင်မ်လင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကို့ဗ်က အစိုးရ ရုံးပိတ်ရက်တွေမှာ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သမ္မတပူတင်ရဲ့ ကြိုးပမ်းမှုဟာ တရားဝင်ဖြစ်ပြီး သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို စစ်ဦးစီးချုပ်က စစ်တပ်ကို ပေးထားပါတယ်လို့ ပြောဆိုပါတယ်။

“အပစ်အခတ် ရပ်စဲရေးက ရှိလာမှာဖြစ်ပေမဲ့ ကိယက်ဗ် အစိုးရဘက်က အပြန်အလှန် မရှိဘဲ ရုရှားရဲ့ စစ်စခန်းတွေ ဒါမှမဟုတ် အဆောက်အအုံတွေကို ဆက်ပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ ကြုံလာတဲ့အခါ သင့်လျော်တဲ့ တုံ့ပြန်မှုကို ချက်ချင်း ပေးရလိမ့်မယ်” လို့ ပြောသွားပါတယ်။ 

အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကိယိဗ် ဘက်မှ အရိပ်အယောင် တစုံတရာ မပေးသေးကြောင်းလည်း ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။ 

Source: Reuters.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013