Home
မြန်မာသတင်း
ငလျင်အရေး တုံ့ပြန်ရာတွင် လူထုဦးဆောင်သည့် တုံ့ပြန်ဆောင်ရွက်ခြင်းကသာ တခုတည်းသော အဖြေ ဖြစ်သည်
DVB
·
May 5, 2025

မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းထန်သော စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ကပ်ဘေးဒုက္ခထဲ ကျရောက်နေပြီးသား မြန်မာနိုင်ငံသည် ထိခိုက်ဆုံးရှုံးမှု များစွာကြားထဲတွင် တပူပေါ် နှစ်ပူဆင့်မက ဖြစ်ခဲ့ရသည်။ ကမ္ဘာတဝန်းရှိ လူများစွာအတွက်မူ စစ်ကိုင်းငလျင်ကို နောက်ဆုံး ကြုံတွေ့လိုက်ရသည့် သဘာဝဘေးဒုက္ခ တခုအဖြစ်သာ ရှုမြင်ကောင်း ရှုမြင်နိုင်ပါသည်။ သို့သော် ဤငလျင်သည် ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြောင့် သွေးထွက်သံယိုမှုများဖြင့် ပြည့်နက်နေသည့် မြန်မာပြည်သူများအတွက်မူ နောက်ထပ် အနာတရဖြစ်စေသော ထိုးနှက်ချက်တခု ဖြစ်စေခဲ့သည်။

ဤကပ်ဆိုးကြီးကို တုံ့ပြန်ရန် တစုံတရာ ကြိုးပမ်းအားထုတ်မှုမှန်သမျှ သိရှိနားလည်ထားသင့်သည်မှာ ဖြစ်ပေါ်နေသော အခြေအနေသည် လူသားချင်းစာနာမှု အရေးပေါ် အခြေအနေတခု သက်သက်သာမဟုတ်ဘဲ နိုင်ငံရေးအကျပ်အတည်းတခုလည်း ဖြစ်သည်ဟူသည့် အခြေခံအမှန်တရားကို အသိအမှတ်ပြုရန် လိုအပ်သည်။ ပြည်သူများကို နည်းမျိုးစုံဖြင့် ဆင်းရဲဒုက္ခရောက်အောင် ဖန်တီးနေသည့် စစ်အုပ်စုသည် နိုင်ငံတွင်း ဗုံးကြဲသတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဆက်လက်ဖျက်ဆီးနေချိန်တွင် ၎င်းတို့အား ငလျင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ထိန်းချုပ်ခြယ်လှယ်ခွင့် ရနေပါက ထိ‌ရောက်ပြီး ကျင့်ဝတ်နှင့် ကိုက်ညီမှုရှိသော ပြည်လည်ထူထောင်ရေး ဖြစ်စဉ်တခု မည်သို့မျှ ရှိလာနိုင်မည်မဟုတ်ပါ။

သို့သော် William Sabandar ရေးထားသည့် The Jakarta Post ပါ ဆောင်းပါကဲ့သို့ အချို့သော အဆိုပြုချက်များတွင် မြန်မာစစ်အုပ်စုဘက်က “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု” ပြသနိုင်ပါက ပြန်လည်ထူထောင်ရေးတွင် ၎င်းတို့ကို အဓိကအခန်းကဏ္ဍမှ အယုံအကြည်ပေး တာဝန်အပ်နှင်းသင့်သည် ဟူသည့်သဘောမျိုး တင်ပြထားကြသည်ကို တွေ့ရသည်။ ဤအဆိုပြုချက်မျိုးသည် နုံအသော အပြုအမူဖြစ်ရုံသာမက အန္တရာယ်လည်း များပေသည်။

အကူအညီများကို စစ်အုပ်စုမှတဆင့် ပေးခြင်း လုံးဝမပြုလုပ်သင့်ပါ

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူများအပေါ် ခြောက်လှန့် အကြမ်းဖက်သည့် စစ်ဆင်ရေးများ ဆောင်ရွက်လာခဲ့ပြီး ၎င်းတို့၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုအား ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သူများကို ဝိုင်းကြီးချုပ်စနစ်ဖြင့် ပြစ်ဒဏ်ပေးသည့် နည်းလမ်းကို အသုံးပြုလာခဲ့သည်။

စစ်တပ်သည် စာသင်ကျောင်းများနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သလို လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထားခြင်းနှင့် လူသားချင်းစာနာမှု အကူအညီများ မဝင်ရောက်နိုင်အောင် ပိတ်ပင်တားဆီးမှုကို လက်နက်တခုသဖွယ် အသုံးပြုခြင်း စသည့်လုပ်ရပ်များကိုလည်း ကျူးလွန်လာခဲ့သည်။ နည်းစနစ်ပိုင်းဆိုင်ရာ စောင့်ကြည့်ကြီးကြပ်မှု သို့မဟုတ် စိတ်ရင်းစေတနာကောင်းမွန်မှု မည်မျှပင်ရှိစေကာမူ ဤစစ်အုပ်စုမှတဆင့် အကူအညီပေးသည့် လုပ်ရပ်ကို လူမြင်ကောင်းအောင် ဖာထေးပေးရန် မဖြစ်နိုင်ပါ။

တကယ်တမ်း ဤအရာများကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်ကလည်း ထိုကာလက စစ်အုပ်စုသည် အစပိုင်းတွင် နိုင်ငံတကာ အကူအညီများကို ပိတ်ပင်တားဆီးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ အာဏာခိုင်မြဲရေးအတွက် ကပ်ဘေးအခြေအနေကို အသုံးချခဲ့သည်။ စစ်ဘက်အသိုက်အဝန်းများနှင့် ခရိုနီများမှာလည်း နာဂစ်အတွက်‌ပေးသော အကူအညီများကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ကာ ချမ်းသာလာခဲ့ကြသည်။

နာဂစ်ကာလနှင့် မတူသည့်အချက်မှာ လက်ရှိစစ်အုပ်စုသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရနှင့် ပြည်သူလူထု တရပ်လုံးကို ဆန့်ကျင် တိုက်ခိုက်နေသည့် ရာဇဝတ်အုပ်စု ဖြစ်နေခြင်းဖြစ်သည်။

ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးအတွက် စစ်အုပ်စုနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းနှင့် “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု” ရှိပါက ထိရောက်မှုရှိနိုင်သည်ဟု Sabandar က ထောက်ပြထားသည်။ သို့သော် အခြေအနေအမှန်ကို မြန်မာ့တော်လှန်ရေးလှုပ်ရှားမှု အင်အားစုများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပိုသိကြပါသည်။

ဤစစ်အုပ်စုသည် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ သတင်းထောက်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ အရပ်သားပြည်သူများကို ဗုံးကြဲခြင်းနှင့် တရားဝင် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း လုပ်ရပ်များကို ကျူးလွန်ခဲ့သူများဖြစ်ပြီး သမိုင်းတလျှောက် အကျင့်ပျက်ခြစားမှု အလေ့အထများဖြင့် ခေါက်ရိုးကျိုးနေသော အဖွဲ့အစည်းဖြစ်သောကြောင့် ၎င်းတို့၏လက်အောက်တွင် အမှန်တကယ် ပွင့်လင်းမြင်သာမှုရှိရန် မည်သို့မျှ မဖြစ်နိုင်ချေ။

မြန်မာနိုင်ငံတွင် လိုအပ်နေသည်မှာ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်း မဟုတ်ပါ။ အကူအညီများကို ထိရောက်မှု အရှိဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်သူများထံသို့ လွှဲပြောင်းပေးပို့ခြင်းသာလျှင် အလိုအပ်ဆုံးဖြစ်သည်။ ထိုသူများမှာ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု အခြေပြု ကျန်းမာရေးဝန်ဆောင်မှုပေးသူများ၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု ကွန်ရက်များ ဖြစ်ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာကြာအောင် ဖိအား အခက်အခဲအမျိုးမျိုးကြားမှ လည်ပတ်ဆောင်ရွက်လာခဲ့ကြပြီး ယနေ့အချိန်အထိတိုင် အကူအညီလိုအပ်နေသူများထံသို့ ရအောင် နည်းလမ်းရှာ၍ ဆောင်ရွက်နေကြသည်။

အာဆီယံသည် အဖြေမဟုတ်

ဒေသတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဦးဆောင်မှုပေးရန် တောင်းဆိုခြင်းသည်လည်း သိနေပြီးသော အောင်မြင်မှုမရှိသည့် ဗျူဟာတခုကို ထပ်မံလုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။ ၂၀၂၁ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ အာဆီယံသည် အချက်ငါးချက်ပါ ဘုံသဘောတူညီမှုကိုသာ အမြဲရည်ညွှန်း ကိုးကားလာခဲ့သော်လည်း ၎င်းကို အကောင်အထည်ဖော်နိုင်ရန် အတွက်မူ အဓိပ္ပာယ်ပြည့်ဝသော အရေးယူဆောင်ရွက်မှု တစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိချေ။

အာဆီယံအနေဖြင့် ပြဿနာ၏ အရင်းအမြစ်မှာ စစ်တပ်သာဖြစ်ကြောင်း အသိအမှတ်ပြုရန် ငြင်းဆိုနေခဲ့ရုံသာမက တရားမဝင် စစ်အုပ်စုကို မှားယွင်းသော တရားဝင်မှုပေးကာ ဒေသတွင်းအဆင့် စင်မြင့်ပေါ်တွင်လည်း ထိုက်တန်မှုမရှိသော နေရာပေးမှုများ ပြုလုပ်လာခဲ့သည်။

အာဆီယံသည် ထိရောက်မှုမရှိ အလုပ်မဖြစ်သော ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့သည်မှာ ဧပြီလ ၂၄ ရက်နေ့တွင် ၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ လက်ရှိအချိန်တွင် အာဆီယံကို မြန်မာငလျင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ဦးဆောင်အဖွဲ့အဖြစ် တာဝန်ယူပေးရန် အဆိုပြုခြင်းသည် ထို ၄ နှစ်တာ ကျရှုံးမှုကို လျစ်လျူရှုလိုက်ရာကျသည်။

ပိုဆိုးသည်မှာ မြန်မာပြည်သူလူထု တရပ်လုံးက တက်ညီလက်ညီ ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်နေခဲ့သော စစ်အုပ်စုကို တရားဝင်မှုပေးသလို အန္တရာယ်ရှိစေသည်။ ဤအခင်းအကျင်းတွင် ဒေသတွင်း (အာဆီယံ၏) “ခေါင်းဆောင်မှုအခန်းကဏ္ဍ” တရပ်ဟု ဆိုသည်မှာ စစ်တပ်က ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေသည့် လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်ရန်အတွက် အကာအကွယ်တခုသဖွယ် အထောက်အကူ ဖြစ်သွားစေနိုင်သည်။

အာဆီယံသည် ကြားနေသူအဖြစ် မရပ်တည်ခဲ့ပါ။ ၎င်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေခဲ့သည်။ အာဆီယံဥက္ကဋ္ဌက စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံနေချိန်တွင်လည်းကောင်း၊ တွေ့ဆုံပြီးနောက်ပိုင်းတွင်လည်းကောင်း စစ်အုပ်စုသည် အာဆီယံ၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို လုံးဝဂရုမစိုက်ဘဲ ငလျင်ဒဏ်သင့် ဒေသများနှင့် အခြားဒေသများတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခဲ့သည်။

ငလျင်လှုပ်ပြီးနောက်ပိုင်းတွင် စစ်အုပ်စုသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၄၀ နှင့် လက်နက်ကြီး ပတ်ခတ်တိုက်ခိုက်မှု ၂၄ ကြိမ် အပါအဝင် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၂၀၇ ကြိမ် ပြုလုပ်ခဲ့သည်။

စစ်အုပ်စုသည် ဧပြီလ ၂ ရက်နေ့တွင် ၎င်းတို့ကိုယ်တိုင် “အပစ်အခတ်ရပ်စဲရေး” ကြေညာခဲ့ပြီးနောက်မှာပင် ပြည်သူအနည်းဆုံး ၁၆၁ ဦးအထိ သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၃၀၀ နီးပါးကို ဒဏ်ရာရစေခဲ့သည်။ စစ်တပ်က ပြည်သူများ၏အသက်ကို တန်ဖိုးမထားသည့် ရေရှည်အစဉ်အလာကို ကြည့်ပါက စစ်အုပ်စုသည် ထိရောက်သော လူသားချင်းစာနာမှု အကူအညီပေးရေး သို့မဟုတ် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် စစ်မှန်သော နိုင်ငံရေးစိတ်ဆန္ဒ လုံးဝအလျဉ်းမရှိကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။

အာဆီယံနှင့် အခြားသော သက်ဆိုင်ရာ နိုင်ငံတကာ အသိုက်အဝန်းတို့အနေဖြင့် ငလျင်ကပ်ဘေးကို အကြောင်းပြု အမြတ်ထုတ်ကာ စစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်း၊ မှားယွင်းသော တရားဝင်မှုပေးခြင်း၊ အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း သို့မဟုတ် စစ်တပ်က တရားဝင်မှု ပြန်လည်တည်ဆောက်ခွင့်ရရန် ‘အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု’ ဖြစ်အောင် တွန်းပို့ခြင်းဖြင့် အကျပ်အတည်းကို သက်ဆိုးရှည်အောင် လုံးဝမပြုလုပ်မိရန် လိုအပ်သည်။

ထိုအစား အာဆီယံအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NUG နှင့် ERO များနှင့် လက်တွဲကာ လိုအပ်သော အကူအညီများကို နယ်စပ်အခြေပြုလမ်းကြောင်းများ အသုံးပြု၍ လူထုအခြေပြု အဖွဲ့အစည်းများနှင့်  လူသားချင်းစာနာမှု အရေးပေါ်အကူအညီပေးသူများမှတဆင့် တိုက်ရိုက်ပေးအပ်ရမည်။

ဤမျှမက အာဆီယံနှင့် အခြားသော သက်ဆိုင်ရာ နိုင်ငံတကာ အသိုက်အဝန်းတို့သည် လေယာဉ်ဆီနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးနိုင်သော ပစ္စည်းများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အလုံးစုံ လက်နက်ပိတ်ပင်မှု ပြုလုပ်ခြင်းဖြင့် စစ်အုပ်စု၏ မြေပြင်နှင့် ဝေဟင်တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရန် တိကျသော အရေးယူမှုများ ချက်ချင်းဆောင်ရွက်ရမည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အမှန်တကယ် လေးနက်သော စိတ်ဆန္ဒရှိပါက ထိရောက်မှုမရှိသော ဒေသတွင်း သံတမန်ဆက်ဆံရေး ပုံသေလုပ်ရိုးလုပ်စဉ်များအား ကျော်လွန်ကြည့်ရှုရန် လိုအပ်ပြီး ပိုကောင်းသော အနာဂတ်တခုအတွက် ရှိသမျှ အလုံးစုံ စွန့်လွှတ်ခဲ့ကြသော ပြည်သူများ၏အသံကို မဖြစ်မနေ နားထောင်ပေးရန် လိုအပ်သည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်အဖြေတခုရအောင် ရှာဖွေပေးရန် အမှန်တကယ်သာ ရည်ရွယ်ထားပါက စစ်အုပ်စု၏ ဖိနှိပ်မှုအောက်မှ ကင်းလွတ်သည့် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အနာဂတ်တခု တည်ဆောက်နိုင်ရန် မနားမနေ ဆောင်ရွက်နေကြသော ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ အားပေးပံ့ပိုးရုံမှတပါး ရှေ့လျှောက်အတွက် အခြားနည်းလမ်း မရှိနိုင်ပါ။

ဗုံးမိုးရွာနေချိန် ပိုကောင်းအောင် ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ပါ

Sabandar သည် ၎င်း၏ဆောင်းပါးတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆူနာမီအလွန် အာချေးဒေသ ပြန်လည်ထူထောင်ရေးနှင့် ၂၀၀၅ ခုနှစ် နီးရက်ကျွန်းငလျင်ကာလ တုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံမှ သင်ခန်းယူရန် အကြံပြုထားသည်။ သို့သော် ၎င်းသည် အတော်လေး မှားယွင်းနေသော နှိုင်းယှဉ်မှုတခု ဖြစ်သည်။

ထိုအချိန်က အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းပြည်ပ အစုအဖွဲ့အားလုံးနှင့် မှန်ကန်သော စိတ်ရင်းစေတနာဖြင့် လက်တွဲအလုပ်လုပ်လိုသည့် စိတ်ဆန္ဒရှိသော တရားဝင်လည်ပတ်နေသည့် အစိုးရတရပ် ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသည် တရားဝင်မှု မရှိရုံသာမက ပြည်သူများအပေါ် လူသားမျိုးနွယ်ကို ပျက်စီးစေသော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများလည်း လိုလိုလားလား ကျူးလွန်နေသည့် စစ်အုပ်စု၏ အုပ်ချုပ်မှုအောက် မဟုတ်ဘဲ ဖျက်ဆီးမှုအောက် ရောက်နေသော နိုင်ငံတခု ဖြစ်သည်။

“ပိုကောင်းအောင် ပြန်လည်တည်ဆောက်ခြင်း” ဟူသည့် စကားသည် ပဋိပက္ခအလွန် သို့မဟုတ် ကပ်ဘေးကာလအလွန် တည်ငြိမ်အေးချမ်းမှုရှိသည့် ကာလ၊ အခြေအနေတခုကို ရည်ညွှန်းသည့် အသုံးအနှုန်းတခု ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်မူ ဗုံးမိုးရွာနေဆဲဖြစ်သည်။

ဒေသခံလူထုများသည် သဘာဝအကြောင်းတရားများကြောင့် မဟုတ်ဘဲ စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် မြေပြင် တရစပ်ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် လူမှုအသိုက်အဝန်းတခုလုံးစာ အတိုင်းအတာအထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

အကြမ်းဖက်မှုများ ရပ်တန့်သွားခြင်းနှင့် ဆင်းရဲဒုက္ခ ပြဿနာများ၏ အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘဲ ပြန်လည်တည်ဆောက်ရန်လမ်း မရှိနိုင်သလို ပိုကောင်းသည့် အနာဂတ်လည်း မရှိနိုင်ပါ။

စစ်အုပ်စုက အကူအညီများကို တားဆီးပိတ်ပင်ခြင်းနှင့် လက်နက်အဖြစ် အသုံးချခြင်း

စစ်အုပ်စုတပ်သားများက လမ်းမပေါ်တွင် လက်နက်ကိုင်ဆောင်ကာ လမ်းပိတ်ထားခြင်း သို့မဟုတ် သယ်ယူလာသော အကူအညီများကို သိမ်းယူမှု ရှိခြင်း မရှိခြင်းကိုသာ ကြည့်၍ အကူအညီများအား လက်နက်အဖြစ် အသုံးချခြင်း ရှိမရှိ ယတိပြတ် ပြော၍မရနိုင်ပါ။ ၎င်းသည် Foreign Policy ပါ ဆောင်းပါးထဲတွင် Andrew Nachemson ရေးသားဖော်ပြထားသကဲ့သို့ မရိုးရှင်းလှပေ။

အကူအညီများအား လက်နက်အဖြစ် အသုံးချခြင်း ဟူသည်ကို ပုံစံမျိုးစုံဖြင့် တွေ့နိုင်သည်။ အကူအညီများကို ချုပ်ကိုင်ထားခြင်း၊ မျှတမှုမရှိသော ဖြန့်ဝေခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်း၊ အကူအညီပေးရေး လုပ်သားများကို ဖမ်းဆီးခြင်း၊ အကူအညီများကို သိမ်းဆည်းခြင်း သို့မဟုတ် သိမ်းဆည်းရန် ခြိမ်းခြောက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ သတင်းအချက်အလက် မစီးဆင်းနိုင်အောင် ပိတ်ပင်ခြင်း စသည်တို့အားလုံးသည် အကူအညီ တားဆီးပိတ်ပင်ခြင်းနှင့် လက်နက်အဖြစ် အသုံးပြုခြင်းအောက်တွင် အကျုံးဝင်သည်။

စစ်အုပ်စုက အကူအညီများကို တားဆီးပိတ်ပင်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ် အသုံးချကြောင်း မျက်မြင်သက်သေများ၏ ပြန်လည်ထွက်ဆိုချက်များသည် မည်သူက တွေ့ကြုံ မြင်တွေ့ခဲ့သည်ဆိုသည့်အပေါ် မူတည်၍လည်းကောင်း၊ ထိုပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ မတူညီသော နောက်ခံသမိုင်းကြောင်းနှင့် ရပ်တည်မှုအနေအထား အခြေအနေအပေါ် မူတည်၍လည်းကောင်း၊ အရေးအကြီးဆုံးအချက် အနေဖြင့် မည်သူက ထုတ်ဖော်ပြောဆိုလိုသည့် ဆန္ဒရှိသနည်း ဆိုသည့် အပေါ်တွင် မူတည်၍လည်းကောင်း ကွဲပြားမှုရှိနိုင်သည်။

ဤသို့သော အခြေအနေတွင် ပင်မအကျိုးခံစားခွင့်ရှိသူများ သို့မဟုတ် ကပ်ဘေးဒဏ်သင့် ဒေသခံ ပြည်သူလူထုများ၏ အတွေ့အကြုံများနှင့် ထွက်ဆိုချက်များကို အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ Nachemson ၏ ဆောင်းပါး ခေါင်းစဉ်ခွဲတွင် ဖော်ပြထားသကဲ့သို့ “စစ်အုပ်စုသည် မှတ်တမ်းကောင်း မရှိသော်လည်း ကပ်ဘေးကာလ အကူအညီပေးရေး လုပ်ငန်းများကို အတားအဆီးမလုပ်ဘဲ နေကောင်း နေနိုင်သည်” ဟူသော အပေါ်ယံ ကောက်ချက်ချမှုမျိုး ပြုလုပ်၍ မရနိုင်ပါ။ စစ်ကိုင်းနှင့် မန္တလေးမှ အချို့ပြည်သူများကလည်း ၎င်းတို့အနေဖြင့် မည်သည့်အကူအညီမှ လက်ခံရရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ကြပြီး ဖြစ်သည်။

ထို့ပြင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများမှ လွတ်ရာသို့ ထွက်ပြေးလာကြသော ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူများ (IDPs) ထံသို့ အကူအညီများ မရောက်နိုင်အောင် လက်နက်အဖြစ် အသုံးချနေခြင်းကိုလည်းကောင်း၊ ပိတ်ပင်နေခြင်းကိုလည်းကောင်း ကျွန်ုပ်တို့အနေဖြင့် ဘေးဖယ်ထားရန် မဖြစ်နိုင်ပါ။

စစ်တပ်သည် ငလျင်ကယ်ဆယ်ရေး အကူအညီများအား တားဆီးပိတ်ပင်ခြင်းမရှိဟု ပြောနေသူများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသော စစ်ကိုင်းတိုင်းကဲ့သို့ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အရေးပေါ် အသက်ကယ် အကူအညီများအား ဤစစ်တပ်မှ မပိတ်ပင်ဘဲ ခွင့်ပြုခဲ့ပါသလားဟု ကျွန်ုပ်ဘက်က မေးလိုပါသည်။

ဒေသခံများထံမှ ကြားသိရသော သတင်းများအရ အချို့သော နယ်မြေများတွင် စစ်အုပ်စု အာဏာပိုင်များသည် ပဋိပက္ခဒေသများမှ ထွက်ပြေးလာသော IDP များကို အကူအညီ ပေးဝေခြင်း မပြုရန် သီးသန့်ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ငလျင်ဒဏ်သင့် ပြည်သူများသည် ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့များက ဖြန့်ဝေပေးထားသော သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း မဟုတ်သည့် ဒေသလုပ် ရွက်ဖျင်တဲများဖြင့် ဆောက်လုပ်ထားသော ယာယီစခန်းများတွင်သာ နေထိုင်နေကြရသည်ကို အွန်လိုင်းအသုံးပြုသူ ပြည်သူများနှင့် သတင်းမီဒီယာများမှ လူမှုကွန်ရက်များပေါ်တွင် ဓာတ်ပုံများ အပါအဝင် ဖြန့်ဝေမှုများကို ကျွန်ုပ်တို့ တွေ့မြင်နေရသည်။

တဖက်တွင် Sky Villa ကွန်ဒို ပြိုကျမှုမှ အသက်ရှင်ကျန်ရစ်သူများသည် တစုံတရာ လူမှုစီးပွား အဆင့်မြင့်သူများ ဖြစ်သည့်အပေါ် ၎င်းတို့အတွက်ကိုမူ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းသုံး ရွက်ဖျင်တဲများ ပေးဝေထားသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ အေဂျင်စီများ ကိုယ်တိုင်ပင် ဒေသထုတ် ရွက်ဖျင်တဲများတွင် နေထိုင်နေကြသူများ၏ ဓာတ်ပုံများကို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပြန်တင်နေကြသည်။ ဤအခြေအနေတွင် နိုင်ငံတကာ အသိုက်အဝန်းများက လှူဒါန်းခဲ့သော ကယ်ဆယ်ရေးသုံး ရွက်ဖျင်တဲများ ဘယ်ရောက်ကုန်သနည်း ဟူသည်မှာ မေးစရာတခု ဖြစ်လာသည်။

စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ငလျင်ကယ်ဆယ်ရေးအတွက် ဂျပန်နှင့် ဥရောပသမဂ္ဂကဲ့သို့ နိုင်ငံတကာက လူအား ငွေအားနှင့် လှူဖွယ်ပစ္စည်းအဖုံဖုံဖြင့် ပေးလာသော အကူအညီများအကြောင်းကို အွန်လိုင်းပေါ်တွင် အမြဲမပြတ် တင်လာခဲ့သည်။ ထိုလှူဒါန်းမှုများကို ကျွန်ုပ်တို့ပြည်သူများ ဘာကြောင့်မရရှိကြကြောင်း မေးခွန်းထုတ်ရန် ကျွန်ုပ်တို့ထံတွင် အခွင့်အရေး ရှိသင့်သည်။  

မျှတမှုနှင့် တန်းတူမှုရှိသည့် အကူအညီဖြန့်ဝေမှု ဖြစ်စေရေး အပါအဝင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိအောင် တောင်းဆိုခြင်းသည် အချို့သူများက ကျဉ်းမြောင်းစွာ ထင်မြင်ကြသလို အခြေအနေပိုဆိုးအောင် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အကူအညီများသည် ရည်ရွယ်ထားသည့်အတိုင်း ရောက်သင့်ရောက်ထိုက်သည့်အတိုင်း ထိခိုက်နစ်နာသော ရပ်ရွာလူထု အသိုက်အဝန်းများထံသို့ ရောက်ရှိစေရန်သာ ဖြစ်သည်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များက ဒေသခံ အကျုံးဝင် သက်ဆိုင်သူများအပေါ် ချဉ်းကပ်သည့်ပုံစံတွင် ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေသည်။ ထို့အပြင် ၎င်းအေဂျင်စီများသည် စစ်အုပ်စုလက်သို့ ၎င်းတို့က ထိုးအပ်လိုက်သော အကူအညီများ အမြတ်ထုတ် အသုံးချခံရခြင်း မရှိစေရေးအတွက် လိုအပ်သော စောင့်ကြည့်ရေး ယန္တရားများ ထားရှိရန် ပျက်ကွက်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ဖြစ်နေကြသည်။

တချိန်တည်းမှာပင် ဤအေဂျင်စီများအနေဖြင့် NUG သို့မဟုတ် စစ်အုပ်စုနှင့် မပတ်သက်သော CSO များနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှတဆင့် ဖြန့်ဝေသော အကူအညီများသည် ကယ်ဆယ်ရေးအတွက် မဟုတ်သော အခြားရည်ရွယ်ချက်များအတွက် အသုံးပြုခံရလိမ့်မည် ဟူသည့် ရင့်သီးသည့် ဆုံးဖြတ်ချက်များ မမျှမတ ပြုလုပ်လာခဲ့ကြသည်။ ဤချဥ်းကပ်မှုကပင်လျှင် ဘက်မလိုက်ခြင်းနှင့် ကြားနေမှု ဆိုသည့် လူသားချင်းစာနာမှု အကူအညီပေးခြင်းဆိုင်ရာ မူများကို ချိုးဖောက်ပြီးသား ဖြစ်နေသည်။

အရပ်ဘက် အဖွဲ့အစည်း ၂၇၀ က ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည့်အတိုင်း “သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်အဖွဲ့များမှတဆင့် ပူးပေါင်းလုပ်ဆောင်သည်ဖြစ်စေ စစ်အုပ်စုမှ ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ် အသုံးချခြင်းများ မရှိစေရေး သေချာစွာ ဆောင်ရွက်ရန် ကျွန်ုပ်တို့မှ အထူးရည်ညွှန်းပါသည်။ ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် တခြား နိုင်ငံတကာ အသိုက်အဝန်းတို့ အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင် အကူအညီများကို စစ်တပ်က ခြယ်လှယ်ခဲ့သည့် နာကျည်းဖွယ်သမိုင်းကို ပြန်လည်သတိရပြီး ဒဏ်သင့်ထားပြီး ထိခိုက်လွယ်သော ပြည်သူများအား ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနှင့် နောက်ထပ်ဒုက္ခခံစားရမှုများမှ ကာကွယ်ပေးရေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းတောင်းဆိုသည်။ မြန်မာပြည်သူများသည် ၎င်းတို့အပေါ် လက်နက်သဖွယ် အသုံးချခံရသည့် အကူအညီမျိုး မဟုတ်ဘဲ ၎င်းတို့၏ ဒုက္ခခံစားရမှုများကို လျော့နည်းသက်သာစေမည့် အကူအညီများနှင့် ထိုက်တန်သောသူများ ဖြစ်ကြသည်။”

စစ်အုပ်စုဦးဆောင်သည့် ပြန်လည်ထူထောင်ရေး မဟုတ်ဘဲ လူထု၏ တုံ့ပြန်ဆောင်ရွက်မှုတခု ဖြစ်ရမည်။ သို့ဖြစ်ပါက မျှတ၍ ထိရောက်မှုရှိသော တုံ့ပြန်ဆောင်ရွက်မှု ဆိုသည်မှာ မည်သည့်ပုံစံမျိုး ဖြစ်ပါသနည်း။

ပထမဦးစွာ မြန်မာပြည်သူများအား အမှန်တကယ် ကိုယ်စားပြုနေသူများကို အသိအမှတ်ပြုမှု ပေးခြင်းဖြင့် စတင်ရမည်ဖြစ်ပြီး လက်ရှိတွင် ထိုသို့ ကိုယ်စားပြုမှု ပေးနေသည်မှာ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဦးဆောင်နေသော ဒီမိုကရေစီ တော်လှန်ရေး လှုပ်ရှားမှုကြီး ဖြစ်သည်။ ဤသူများသည်သာ ပြန်လည်ထူထောင်ရေးကို ပုံဖော်မည့်သူများဖြစ်ပြီး ကပ်ဘေးဖြစ်အောင် ဖန်တီးခဲ့သော စစ်ဗိုလ်ချုပ်များ မဟုတ်ပါ။

ကျွန်ုပ်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများ အနေဖြင့်မူ ပြည်သူမှပြည်သူသို့ သွေးစည်းညီညွတ်မှုပြသည့် ချဉ်းကပ်ပုံ နည်းလမ်းဖြင့် အချိန်မဆွဲဘဲ ငလျင်လှုပ်ပြီး ၂၄ နာရီအတွင်း မိမိတို့အချင်းချင်းကြား စုရုံးကာ အရေးပေါ် အကူညီပေးရေး အစီအစဉ်များကို ချက်ချင်း စတင်အကောင်အထည်ဖော်ခဲ့ကြပြီး တချိန်တည်းတွင် နိုင်ငံတကာ အသိုက်အဝန်းကိုလည်း သတိပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကာ ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုအတွက် နည်းလမ်းများကို တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

ထိခိုက်မှု အများဆုံးနေရာများမှာ စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းကဲ့သို့ မြို့ကြီးများဖြစ်သော်လည်း ထိုမြို့များနှင့် အနီးတဝိုက်နေရာများသည် နှစ်ဖက်လုံးက ထိန်းချုပ်ထားသော နေရာများဖြစ်ကာ ငလျင်ဒဏ်သင့် ဒေသအများစုမှာမူ တော်လှန်ရေး အင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေများ ဖြစ်သောကြောင့် အကူအညီများကို ရပ်ရွာလူထုအဖွဲ့များ၊ ERO များနှင့် NUG မှတဆင့် ပေးပို့ရန် CSO များက ပူးတွဲကြေညာချက်ထဲတွင် ထည့်သွင်း အကြံပြုထားသည်။

ငလျင်ကြောင့် “ပြင်းထန်သော သို့မဟုတ် ကြီးမားသော ပျက်စီးဆုံးရှုံးမှု” မည်မျှများသည်ကို တကမ္ဘာလုံး ချက်ချင်း မြင်တွေ့ရသော မန္တလေးနှင့် စစ်အုပ်စု သတင်းမှောင်ချခံရပြီး ရဲရင့်သော အရပ်သား သတင်းထောက်များနှင့် လွတ်လပ်သော မီဒီယာများက ဖော်ပြပေး၍ နောက်မှ သိခဲ့ကြရသော နေပြည်တော်ကဲ့သို့သော အခြေအနေများရှိ သေဆုံးသူများ အရေအတွက်နှင့် အထပ်မြင့် အဆောက်အအုံ ပြိုကျမှု ပမာဏတို့ဖြင့် တိုင်းတာ၍မရနိုင်ပါ။

ဤနေရာတွင် မည်သည့်ဒေသများတွင် ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့ကြောင်း ထောက်ပြလိုခြင်း မဟုတ်ပါ။ စစ်အုပ်စု ထိန်းချုပ်မှုပြင်ပရှိ ဒေသများသည်လည်း ငလျင်ဒဏ် ခံခဲ့ရကြောင်းနှင့် စစ်အုပ်စုမှတဆင့် ပေးပါက နိုင်ငံတကာ အကူအညီများသည် ထိုဒေသများသို့ ရောက်နိုင်မည် မဟုတ်ကြောင်းနှင့် ရောက်လိမ့်မည် မဟုတ်ကြောင်း ထောက်ပြလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေတွင် နိုင်ငံတကာ အကူအညီများကို ဒေသခံ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များမှတဆင့် ပေးပို့ရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ဘက်က ရှုမြင်ခြင်းဖြစ်သည်။

နိုင်ငံတကာအကူအညီများကို စစ်အုပ်စုလက်အောက်မှ လွတ်လပ် အမှီအခိုကင်းသည့် ယုံကြည်စိတ်ချရသော ဒေသခံ လူသားချင်းစာနာမှု အကူအညီပေးရေး ကွန်ရက်များမှတဆင့် မဖြစ်မနေ ပြန်လည်လွှဲပြောင်းပေးပို့ရန် လိုအပ်သည်။ စစ်ကိုင်းငလျင်ဒဏ် ခံခဲ့ရသော စစ်ကိုင်းနှင့် မန္တလေးမြို့ ပြင်ပရှိ ဒေသအများအပြားသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ပြည်သူ့အုပ်ချုပ်ရေး တည်ဆောက်ထားသည့် တော်လှန်ရေးလှုပ်ရှားမှု ထိန်းချုပ်နယ်မြေများ ဖြစ်သောကြောင့် အထူးသဖြင့် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်ရှိ ငလျင်ဒဏ်သင့် ဒေသများတွင် နေထိုင်သော ဒေသခံပြည်သူများထံသို့ အကူအညီများ ရောက်ရှိနိုင်ရန် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အစုအဖွဲ့များ အနေဖြင့် NUG၊ ERO နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

နယ်စပ်အခြေစိုက် တိုင်းရင်းသားလူမျိုးစုအခြေပြု ဝန်ဆောင်မှုပေးသူများနှင့် ဒေသခံ CSO များသည် လိုအပ်သော အကူအညီများကို လူ့ဂုဏ်သိက္ခာရှိစွာ၊ ကျင့်ဝတ်နှင့်အညီ မြန်ဆန်ထိရောက်စွာ ဖြန့်ဝေနိုင်စွမ်း ရှိသူများဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေထူခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်းသည် သံတမန်ရေးအရ ခေါင်းရှောင်နေခြင်းကို ရပ်တန့်ရမည်။ ၎င်းတို့အနေဖြင့် NUG ကို မဖြစ်မနေ တရားဝင် အသိအမှတ်ပြုမှုပေးရန် လိုအပ်ပြီး စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကဲ့သို့ နိုင်ငံတကာ တရားရေး လုပ်ငန်းစဉ်များသို့ လွှဲပြောင်းခြင်း ပြုလုပ်ခြင်းဖြင့် စစ်အုပ်စုကို အရေးယူနိုင်သည့် ယန္တရားများအား အားပေးပံ့ပိုးခြင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရမည်။ ပြတ်သားစွာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ကြားနေခြင်းမဟုတ်၊ ပါဝင်ပတ်သက်ခြင်းဖြစ်သည်။

လက်ရှိအချိန်က ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားမှုရှိရန် တောင်းဆိုသည်

ဤသို့ ဆိုးရွားပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်တွင် ကူညီရန်၊ ပြန်လည်တည်ဆောက်ပေးရန်နှင့် ပြန်လည်ကုစားမှုပေးရန် စိတ်ဆန္ဒရှိကြသည်မှာ သဘာဝကျပါသည်။ သို့သော် မြန်မာနိုင်ငံတွင် တရားမျှတမှုမပါဘဲ ကုစားမှုမရှိနိုင်ပါ။ ဝာာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြန်လည်ထူထောင်မှု မပြီးမြောက်နိုင်ပါ။ စစ်အုပ်စုက အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆက်လက်ဖြိုချနေချိန် ပြန်လည်တည်ဆောက်ခြင်းဟူသည် မဖြစ်နိုင်ပါ။

မြန်မာပြည်သူများသည် အပြုခံသားကောင်များ မဟုတ်ကြပါ။ ၎င်းတို့သည် တော်လှန်ရေးတခုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေသူများ ဖြစ်ကြပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေကြကာ ၎င်းတို့မျှော်မှန်းထားသော ကိုယ်ပိုင်အနာဂတ်တခုကို အရောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်နေကြသူများ ဖြစ်ကြသည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများအပေါ် ကပ်ဘေးဒုက္ခများ သယ်ဆောင်လာသော စစ်ဗိုလ်ချုပ်များ၏ ဦးဆောင်မှုနောက် မလိုက်ဘဲ မြန်မာပြည်သူများ၏ ဦးဆောင်မှုနောက်ကိုသာ လိုက်ရန် အချိန်တန်ပြီဖြစ်သည်။

ခင်ဥမ္မာ

(ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူမသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူတဦးလည်းဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024