Home
မြန်မာသတင်း
အပစ်ရပ်သက်တမ်း ထပ်တိုးရန် စစ်ကောင်စီနှင့် NUG ကို အာဆီယံ ဥက္ကဋ္ဌ တိုက်တွန်း
DVB
·
May 1, 2025
Photo: Anwar Ibrahim FaceBook

မကြာသေးခင်က ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိ လုပ်ဆောင်နိုင်ရေး  သေချာစေဖို့အတွက် လက်ရှိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီး တိုးချဲ့လုပ်ဆောင်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းတောင်းဆိုထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ တရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က မြန်မာစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ငလျင်ဘေးအန္တရာယ် ကျရောက်ပြီးနောက် ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းတိုးချဲ့ဖို့ တိုက်တွန်းထားတယ်လို့ ဖော်ပြပါတယ်။

မလေးရှားဝန်ကြီးချုပ်က “ရှိပြီးသား အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားရုံသာမက တနိုင်ငံလုံး အတိုင်းအတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖြစ် ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဟာ နိုင်ငံတဝန်း ဘေးကင်းလုံခြုံပြီး ဘက်မလိုက်ဘဲ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ချောမွေ့စေဖို့အတွက် မရှိမဖြစ် လိုအပ်သလို မြေပြင်မှာ လုပ်ဆောင်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေရဲ့ လုံခြုံမှုနဲ့ လုံခြုံရေးကိုလည်း သေချာစေပါတယ်”လို့ ပြောပါတယ်။ 

ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် အန်နဝါက သက်ဆိုင်သူတွေနဲ့ သူတို့ရဲ့ ထိတွေ့ဆက်ဆံမှုမှာ အဆိုပါကိစ္စကို တစိုက်မတ်မတ် ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“ဒီလအစောပိုင်းက ဘန်ကောက်မှာ ကျင်းပတဲ့ ဆွေးနွေးမှုတွေမှာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းထားဖို့ အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုခဲ့ပါတယ်။”

အခု ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ အာဆီယံရဲ့ လူသားချင်းစာနာမှုနဲ့ ကပ်ဘေးစီမံမှုဌာန (AHA Centre) တို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံက ထိခိုက် ခံစားခဲ့ရတဲ့ လူမှုအသိုက်အဝန်းတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိရောက်စွာ ပေးပို့နိုင်ဖို့ မလေးရှားက အပြည့်အဝ ကတိပြုထားပြီး အကျပ်အတည်းအတွက် ငြိမ်းချမ်းသော၊ အားလုံးပါဝင်ပြီး မြန်မာ့နည်းနဲ့ ကိုယ်ပိုင်ဖြေရှင်းချက်ကို ထောက်ခံဖို့ အသင့်ရှိကြောင်းလည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူ လူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့သလို ငလျင်လှုပ်ပြီး ၁ လကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေ မရဘဲ အခက်အခဲ ပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်ဆိုပြီး ယာယီ အပစ်ရပ်မယ်လို့ ကြေညာထားခဲ့ပြီး ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးထားခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ အဆက်မပြတ် ကျူးလွန်နေတာကို တွေ့ရပါ တယ်။

Source: Malay Mail

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013