Home
နိုင်ငံတကာ
ရုရှားအတွက် တိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယား စစ်သား ၆၀၀ ကျော် သေဆုံး
DVB
·
April 30, 2025
Photo: Reuters

ယူကရိန်း ကျူးကျော်စစ်အတွင်း ရုရှားအတွက် တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား ၆၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဧပြီ ၃၀ ရက်နေ့မှာ တောင်ကိုရီးယား လွှတ်တော်အမတ်တယောက်က အတည်ပြုပါတယ်။ 

ဒါဟာ ပြုံယမ်းက မော်စကိုအတွက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးခဲ့ကြောင်း ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ အတည်ပြုပြီးနောက် အမတ်ဖြစ်သူ လီဆောင်ကွမ် (Lee Seong-kweun) က ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

လောလောဆယ်အထိ မြောက်ကိုရီးယား စစ်သား ၄,၇၀၀ ဝန်းကျင် သေဆုံးဒဏ်ရာရကြောင်း ခန့်မှန်းထားတယ်လို့ လွှတ်တော်ရဲ့ ထောက်လှမ်းရေး ကော်မတီဝင်လည်းဖြစ်တဲ့ လီက သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။ 

ယူကရိန်း ထိန်းချုပ်ထားတဲ့ ရုရှားနယ်စပ်ဒေသ ကာ့စ်ကို ပြန်လည်သိမ်းပိုက်ရာမှာ အကူအညီပေးခဲ့တာ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က အတည်ပြုဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် မြောက်ကိုရီးယားဟာ လက်နက်နဲ့တပ်ဖွဲ့ဝင်တွေကို ရုရှားအတွက်ထပ်ပြီး ပေးပို့နေတယ်လို့ ဆိုးလ် နဲ့ ဝါရှင်တန် ဘက်က စွပ်စွဲထားပါတယ်။ 

မြောက်ကိုရီးယားဟာ တပ်ဖွဲ့ဝင်ဦးရေ ၁၈,၀၀၀ ကို အဆင့်နှစ်ဆင့်နဲ့ တပ်ဖြန့်စေလွှတ်ကာ ရုရှားရဲ့ ကာစ့်ဒေသ ပြန်လည်သိမ်းယူမှုအတွင်း ထောက်ပံ့ပေးခဲ့တယ်လို့ လီက ဖြည့်စွက်ပြောပါတယ်။ 

အခုနှစ်ထဲမှာတော့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ မြောက်ကိုရီးယားက စစ်သားဦးရေ ၂,၀၀၀ လောက်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

ရုရှားအတွက် စေလွှတ်ပေးခဲ့တဲ့ စစ်သားတွေဟာ မြောက်ကိုရီးယားရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ Storm Corps က ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် အဖမ်းမခံဘဲ မိမိကိုယ်ကို သတ်သေဖို့သာ အမိန့် ပေးထားကြောင်း ဖော်ပြထားပါတယ်။ 

၆ လကြာ တိုက်ပွဲဝင်ပြီးနောက် မြောက်ကိုရီးယာတပ်ဖွဲ့တွေရဲ့ “တိုက်ခိုက်ရေးစွမ်းရည်ဟာ သိသိသာသာ တိုးတက်လာခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) ရဲ့ အကဲဖြတ်ချက်အရ သိရပါတယ်။ 

လွန်ခဲ့တဲ့နှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားကို ရှားရှားပါးပါး လာရောက်တဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေး အပါအဝင် ကျယ်ပြန့်တဲ့ စစ်ရေးသဘောတူညီချက်တခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013