Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ် ဂယက်ရိုက်ခတ်ခဲ့သည့် ကနေဒါ ရွေးကောက်ပွဲ 
DVB
·
April 28, 2025
Photo: REUTERS/File Photo

ကနေဒါနိုင်ငံရဲ့ ရွေးကောက်ပွဲကို ဒေသအချိန်  ဧပြီ ၂၈  ရက် (မြန်မာအချိန် အင်္ဂါနေ့) မှာ ကျင်းပမှာဖြစ်ပြီး ကြိုတင်မဲတွေကတော့ ပြီးခဲ့တဲ့ ရက်တွေကတည်းက ပေးနေကြပြီ ဖြစ်ပါတယ်။

၂၀၂၅ နှစ်ဦးပိုင်းအထိ အာဏာရလစ်ဘရယ်ပါတီ  လူထုထောက်ခံမှု အားလျော့လာခဲ့ပြီး ကွန်ဆာဗေးတစ်တွေ တကျော့ပြန် အာဏာရဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က  ကနေဒါအပေါ် စည်းကြပ်ခွန်တိုးကောက်ခဲ့တာနဲ့ ကနေဒါကို  အမေရိကန်ပြည်ထောင်စုရဲ့  ၅၁ ပြည်နယ်မြောက် ပြည်နယ်ဖြစ်အောင်လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာတော့ ကနေဒါ နိုင်ငံရေး ရေချိန်ပြောင်းလဲသွားခဲ့ပါတယ်။

လစ်ဘရယ်ပါတီက  ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနေရာမှာ မာ့ခ်ကာနေးကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခဲ့အပြီးမှာ ထောက်ခံမှု တဟုန်ထိုး ပြန်တက်လာခဲ့ပါတယ်။

နောက်ဆုံးလူထုစစ်တမ်းတွေအရ လစ်ဘရယ်တွေက အနည်းငယ်ပြန်အသာရနေပြီးတော့ အကြိတ်အနယ်ဖြစ်လာမယ်လို့ မှန်းထားပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပီယာပိုလက်ယက်ဗ်ကတော့ သူ့ပါတီအနိုင်ရနိုင်တယ်လို့ အခိုင်အမာဆက်လက် ပြောထားပါတယ်။

၃၆ ရက်ကြာမဲဆွယ်ကာလအဆုံးသတ်တဲ့ စနေနေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့  ဖိလစ်ပိုင်တွေရဲ့ ပွဲတော်ကိုလာတဲ့လူအုပ်ထဲကို လူတယောက်က ကားနဲ့တိုက်သတ်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ်ပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အိမ်နီးချင်း ကနေဒါမှာ အမျိုးသားရေး ခေါင်းထောင်လာခဲ့ပါတယ်။ အခု ရွေးကောက်ပွဲဟာ ထရမ့်ပ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကနေဒါသားတွေရွေးချယ်ရမယ့်ပွဲလို့ အများက ရှုမြင်ထားပါတယ်။

အသက် ၆၀ ရှိပြီဖြစ်တဲ့ ဝါရင့်စီးပွားရေးကျွမ်းကျင်သူ ကာနေးက အကျပ်အတည်းကာလမှာ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ဦးဆောင်မယ့် သူအဖြစ် သူ့ကိုယ်သူပုံဖော်ထားပါတယ်။

ကာနေးဟာ တိုင်းပြည်စီးပွားကျဆင်းတဲ့ ကာလမှာ  ကနေဒါဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန်ယူခဲ့သလို ဘရိစ်ဇစ်ကာလမှာလည်း ဗြိတိန်ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ Bank of England ဥက္ကဋ္ဌ တာဝန်ပါယူခဲ့သူ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပိုလီယက်ဗ်ကတော့ လစ်ဘရယ်ပါတီက ဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူးဒိုးလက်ထက် အဆင်မပြေဖြစ်ခဲ့မှုတွေကို အဓိက ထောက်ပြမဲဆွယ်နေပါတယ်။

အိမ်ရာစျေးတွေ၊ စားသောက်ကုန်တွေ၊ ရာဇဝတ်မှုတွေ မြင့်တက်လာတာခဲ့တဲ့  လစ်ဘရယ်တွေအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်လို့ ထောက်ပြဝေဖန်ထားပါတယ်။ ဒါကြောင့် ကွန်ဆာဗေးတစ်တွေကသာ အပြောင်းအလဲအစစ်ကို ဆောင်ကျဉ်းလာနိုင်မယ်လို့ ကြွေးကြော်ထားပါတယ်။

အိန္ဒိယနွယ်ဖွား ဆစ်ခ်တယောက်ဖြစ်တဲ့  ဂျက်ဂမိဆင်း ဦးဆောင်တဲ့ လက်ဝဲယိမ်း နယူးဒီမိုကရက်တစ်ပါတီလို ပါတီ အပါအဝင် ပါတီငယ်တွေကတော့ အခြေအနေမကောင်းနိုင်ဘူးလို့  ရွေးကောက်ပွဲ အကြို လူထု စစ်တမ်းတွေက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013