Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် တရုတ်က ကာကွယ်ဆေးဝါးအကူအညီများ ထပ်ပို့ 
DVB
·
April 28, 2025
Photo: Chinese Embassy in Myanmar

မြန်မာ့ငလျင်ဘေးအတွက် တရုတ်နိုင်ငံက ၉ ကြိမ်မြောက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ကာကွယ်ဆေးတွေ ပေးပို့ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဆိုပါ ဆေးဝါးတွေကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ ပေးပို့လိုက်တာဖြစ်ပြီး ရန်ကုန်မြို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအအေးခန်းဂိုဒေါင်ကို ရောက်ရှိနေပြီဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး မစ္စတာ အူယန် ဒါအိုဘင်နဲ့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အဆိုပါနေရာဆီ သွားရောက်ပြီး ပစ္စည်းတွေ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

အခုအသုတ်မှာ ပေးပို့တဲ့ ဆေးဝါးအကူအညီတွေကိုတော့ ရန်ကုန်ကို ၂ ကြိမ်ခွဲ ပို့ ဆောင်ခဲ့တာဖြစ်ပြီး (Tetanus Vaccine,Adsorbed)မေးခိုင်ကာကွယ်ဆေး ၆၈,၀၀၀ လုံး၊ အရွယ်ရောက်သူတွေအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine - Adult) ၅၇၀,၀၀၀ လုံး၊ ကလေးတွေအတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Recombinant B Subunit Cholera Vaccine - Pediatric)  ၇၇,၉၁၀ လုံး စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေ မရဘဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

တရုတ်နိုင်ငံကတော့ မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ ဆက်တိုက်ပေးအပ်ခဲ့တာကို တွေ့ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် မြန်မာစစ်အုပ်စုရဲ့ တောင်းဆိုချက်အရ ငလျင်လှုပ်ခတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနဲ့ အကဲဖြတ်ရေး ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်လို့ တရုတ် မြေငလျင် စီမံခန့်ခွဲရေးအဖွဲ့ (CEA) က ပြောထားပါတယ်။

အဆိုပါ အဖွဲ့မှာတော့ CEA၊ တုန်ဂျီတက္ကသိုလ်နဲ့ ဟာဘင်း နည်းပညာတက္ကသိုလ်တို့လို ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေက ကျွမ်းကျင်သူ အယောက် ၃၀ လောက် ပါဝင်ပြီး အကဲဖြတ်မှုတွေထဲမှာတော့ သဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေးတို့အတွက် သိပ္ပံနည်းကျ အခြေခံတခု ဖြစ်လာစေဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Source : Chinese Embassy in Myanmar/ Xinhua

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013