Home
မြန်မာသတင်း
ထားဝယ် ဟားလီးကွေ့  စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ ၁၅ ဦး အရှင်ဖမ်းမိ 
DVB
·
April 28, 2025

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဒေသတွင်း ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဧပြီ ၂၆ ရက်မနက် ၅ နာရီလောက်မှာ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၁၂ နာရီလောက်အကြာ ညနေ ၅ နာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက “ဒီစခန်းက ထားဝယ်နဲ့ နီးတယ်။ ထားဝယ်နဲ့ ရန်ကုန် သွားတဲ့လမ်း၊ ထားဝယ်နဲ့ ကလိန်အောင်အကြားမှာ ရှိတယ်။ ဧပြီ ၂၆ ရက်နေ့မှာ ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်တာပေါ့နော်။ လက်နက်ငယ်တချို့ သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၅  ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး ဒေသခံလင်မယားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီးကျည်က မောင်မယ်ရှောင်ရွာနဲ့ ကပ်လျက်ရှိတဲ့ ဇဟာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့ပြီး ဘုန်းကြီး  ၂ ပါးနဲ့ ကိုရင်တပါး ထိခိုက်ခဲ့သေးတယ်လို့ မောင်မယ်ရှောင်ဒေသခံတယောက်က ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်။ လက်နက်ကြီးတွေလည်း တော်တော်ပစ်တာ။ ဘုန်းကြီးကျောင်းအတွင်းကို ကျတယ်ပေါ့။  အဲဒီလင်မယားနှစ်ယောက်က မိန်းမက ပွဲချင်းပြီးသွားတယ်။ ယောကျ်ားက ဆေးရုံရောက်မှ သေတယ်လို့ သိရတယ်။” 

ဟားလီးကွေ့ တပ်စခန်းတိုက်ပွဲမှာ  ထားဝယ်ခရိုင်အတွင်းက ဒူရကစစ်ကြောင်း၊ ထားဝယ်  KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅) TPLF၊ DNLA နဲ့ ရေဖြူပကဖ စတဲ့ ဒေသတွင်းမဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013