Home
မြန်မာသတင်း
ပြည်ပစေလွှတ်ခဲ့သည့် အလုပ်သမား ၁၃၀,၀၀၀ ကျော်အတွက် အခွန်ဆောင်ရန် အေဂျင်စီများကို သတိပေး
DVB
·
April 28, 2025

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထဲမှာ ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမား အယောက် ၁၃၀,၀၀၀ ကျော်အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ဖို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို သတိပေးထားပါတယ်။

အဲဒီဘဏ္ဍာနှစ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၈၅ ခုက အလုပ်သမား ၁၃၁,၅၀၁ ယောက်ကို စေလွှတ်ထားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပကို အလုပ်သမား စေလွှတ်မှုအပေါ် ကန့်သတ်ချုပ်ကိုင်နေပေမဲ့ တဖက်မှာ စေလွှတ်ပြီး အလုပ်သမားတွေနဲ့ ပတ်သက်လို့ အခွန်ငွေရရှိဖို့ အေဂျင်စီတွေကို ဖိအားပေးလာတာလို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ငလျင်ကြောင့်ဆိုပြီး လုပ်သားစေလွှတ်ရေး လုပ်ငန်းစဥ်တွေ နှောင့်နှေးရတယ်။ အခွန်ကောက်ဖို့ကြတော့ မြန်မြန်ဆန်ဆန်ပဲ။ ဆောင်တာက ဆောင်ရမှာပဲ။ လုပ်စရာရှိတဲ့ လုပ်ငန်းစဥ်တွေကိုလည်း မြန်မြန်ဆန်ဆန် ဖြစ်စေချင်တာ” လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားဆီကရရှိတဲ့ ဝန်ဆောင်ခရဲ့ ၅ ရာခိုင်နူန်းကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ကြရတာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီအခွန်ပေးဆောင်ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို လုပ်သားစေလွှတ်ခွင့်ပိတ်ပြီး အရေးယူတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိတဲ့အနက် လုပ်သားစေလွှတ်ခဲ့တဲ့ အေဂျင်စီ ၄၈၅ ခုရှိတာကြောင့် အေဂျင်စီ ၁၀၀ ကျော်က လိုင်စင်ရယူပြီး အလုပ်သမားမပို့နိုင်တဲ့သဘော ဖြစ်တယ်လို့ ထုတ်ပြန်ချက်စာရင်းအရ တွေ့ရပါတယ်။

အဲဒီလုပ်သားစေလွှတ်ထားတဲ့ စာရင်းမှာပါတဲ့ အေဂျင်စီတွေ စာနဲ့ တရားဝင်အကြောင်းကြားလာချိန်မှာ အမြန်တင်ပြနိုင်အောင် ပြင်ဆင်ထားဖို့နဲ့ သတ်မှတ်ချိန်မှာ အချိန်မီမပေးပို့နိုင်ရင် ဌာနက တွက်ချက်တဲ့ ပမာဏအတိုင်း အခွန်ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024