Home
မြန်မာသတင်း
ပဲခူးအနောက်ခြမ်းကို ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြည်သူ့စစ် ၁,၀၀၀ ခန့်ကို လက်နက် တပ်ဆင်ပေး
DVB
·
April 25, 2025

ပဲခူးအနောက်ခြမ်းကို ထိုးစစ်ဆင်ဖို့ ပြည်သူ့စစ်အဖွဲ့ဝင် ၁,၀၀၀ နီးပါးကို ကစထမှူး ၅ က ဧပြီ ၂၂ ရက်မှာ လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။

ပဲခူးငလျင်ဘေးကို ရောက်နေတဲ့ အမှတ် ၅ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က မနေ့က တောင်ငူတပ်နယ်၊ ပန်တောင်းတပ်နယ်နဲ့ ပဲခူးအနောက်ခြမ်းက ပြည်သူ့စစ် အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးခဲ့တာလို့ တပခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ မနေ့က လက်နက်တွေ ထုတ်ပေးတယ်။ ပဲခူးအနောက်ခြမ်းနဲ့ ပန်းတောင်းက ပြည်သူ့စစ်အဖွဲ့တွေ ထုတ်ပေးတာများတယ်။ တောင်ငူက ပြည်သူ့စစ်အဖွဲ့တွေကို တိုင်းစစ်ဌာနချုပ်က ထပ်ထုတ်ပေးမှာ။”

ပဲခူးအနောက်ခြမ်းထဲက ပြည်ခရိုင်၊ သာယာဝတီခရိုင်နဲ့ နတ္တလင်းခရိုင်ထဲက မြို့နယ် ၁၅ မြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေကို ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နဲ့ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က တိုင်းစစ်ဌာနချုပ်ထဲက အေးချမ်းဖြိုးခန်းမမှာ ထပ်မံတွေ့ဆုံပြီး စစ်ဆင်ရေးကိစ္စတွေ ပြောဆိုခဲ့တယ်လို့ ပြည်ခရိုင်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“တိုင်းမှူးက အနောက်ခြမ်းက ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကစထမှူးကို ပေးတွေ့ပြီး ထိုးစစ်စဖို့ ပြောတယ်။ ချသာချ၊ လိုအပ်ရင် လေယာဥ်ပစ်ကူလာမယ်၊ မနေ့က မင်းလှ ကိုင်းပြင်ကြီးတံတားမှာ ဖြစ်တဲ့ တိုက်ပွဲမှာတောင် ကစထမှူးက တောင်ငူလေတပ်ကို ဖုန်းဆက်ပြီး ဗုံးကြဲခိုင်းတာ။ ပဲခူးက စစ်တလင်းဖြစ်ဦးမယ်၊ ပြောတော့ အပစ်ရပ်ထားတယ်ဆိုပြီး။”

စစ်ကောင်စီက ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ လေကြောင်းကနေ မြို့ရွာတွေကို ဗုံးကြဲနေတာပါ။

ငလျင်ကိုအကြောင်းပြုပြီး လက်လွှတ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်ဖို့အတွက် စစ်ခေါင်းဆောင်က ရှမ်းတောင်မှာ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ မန္တလေးမှာ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်၊ စစ်ကိုင်းမှာ ဒုဗိုလ်ချုပ်ကြီးသက်ပုံနဲ့ ပဲခူးမှာ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ် တို့ကို တာဝန်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013