
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၂၄ နာရီအတွင်း ၉ ပေကျော် မြင့်တက်လာခဲ့ပြီး ထူးခြားမြစ်ရေသတင်းအဖြစ် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၄ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ၅၅၆ စင်တီမီတာ ရှိနေပြီး ၂၄ နာရီအတွင်း ၂၈၃ စင်တီမီတာ (၉ ပေကျော်) တက်လာခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် မိုးလေဝသဌာန ဦးစီးမှူးကလည်း ဧပြီ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲကနေ ည ၇ နာရီခွဲအထိ တိုင်းတာရရှိတာတွေကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ပြန်ပေးထားပြီး ရေတက်နှုန်းက ၁ နာရီကို ၃ လက်မလောက်ကနေ ၆ လက်မလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
ည ၇ နာရီခွဲအချိန်က မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ၅၆၈ စင်တီမီတာရှိတယ်လို့ ဆိုပြီး မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ကတော့ ၁၂၀၀ စင်တီမီတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အင်တာနက်လိုင်း မကောင်းတာကြောင့် အချိန်နဲ့တပြေးညီ မြစ်ရေအခြေအနေကို တင်ပြမပေးနိုင်ဘဲ မြစ်ရိုးတလျှောက်က မြို့တွေအနေနဲ့ လိုအပ်သလို ကြိုတင်ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မြစ်ကြီးနားမြို့ရဲ့အထက် ပူတာအိုဘက်မှာ မိုးတွေများနေပြီး အခုတက်လာတဲ့ မြစ်ရေကြောင့် မြစ်လယ် သောင်တွေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်သူတွေရဲ့ ယာခင်းတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိလာမယ်လို့ မှတ်ချက်ပေးထားပါတယ်။
မိုးလေဝသဌာနကလည်း ဧရာဝတီမြစ်အထက်ပိုင်းမှာ ရေမြင့်တက်လာလို့ နောက် ၁ ရက်ကနေ ၅ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နဲ့ သပိတ်ကျင်းမြို့တို့မှာ ၅ ပေခွဲကနေ ၆ ပေခွဲလောက်၊ နောက် ၅ ရက်ကနေ ၈ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၄ ပေခွဲကနေ ၅ ပေခွဲလောက်၊ နောက် ၈ ရက်ကနေ ၁၃ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၃ ပေခွဲကနေ ၄ ပေခွဲလောက် လက်ရှိရေမှတ်တွေရဲ့အထက်ကို မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။