
ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲလုပ်ကာ စစ်မှုထမ်းရေး လိုက်လံဆော်သြတာတွေ ရှိနေတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကို စီစဥ်ပြုလုပ်နေတာဖြစ်ပြီး စက်ရုံ တခုချင်းအလိုက် ကိုယ်စားလှယ်တွေ မဖြစ်မနေ တက်ရောက်ဖို့ ဖိအားပေးတာမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ မန်နေဂျာတယောက်က “ကျနော်တို့ဘက်မှာလည်း လုပ်သွားတယ်။ ကိုယ်တိုင် သွားမတက်ဖြစ်တော့ ဘာတွေ အဓိက ပြောသွားလဲ သေချာမသိဘူး။ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့သူတွေ စာရင်းပေးရမယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ စက်ရုံအလိုက် အလုပ်သမားစာရင်းကို သက်ဆိုင်ရာ ဇုန်ကော်မတီဆီ မကြာခဏပေးပို့နေရပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာကို အလုပ်သမားတွေကြားထဲ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်တွင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တယောက်က “အခုက စက်မှုဇုန်တွေအထိ စစ်မှုထမ်းကိစ္စ လိုက်ပြောနေပြီဆိုတော့ အလုပ်သမားတွေ ပိုလန့်နေကြတယ်။ စစ်မှုထမ်း လူစုဖို့ကို စက်ရုံအလုပ်သမားတွေဘက် လှည့်လာမယ့် အန္တရာယ်ရှိနေတာ"လို့ ပြောပါတယ်။
စက်ရုံလုပ်သားတွေအနေနဲ့ နေထိုင်ရာ ရပ်ကွက်တွေမှာလည်း စစ်မှုထမ်းစာရင်း ကောက်ခံထားရတာမျိုးရှိသလို စက်ရုံကနေလည်း စာရင်းပေးရမှာမျိုးရှိနေတာကြောင့် ရှောင်လွှဲမရနိုင်မယ့် အကျပ်အတည်းဖြစ်လာစေတယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။
အဲဒီလို စစ်မှုထမ်းဆင့်ခေါ်ခံရမှာစိုးရိမ်လို့ အလုပ်သမားတချို့မှာ နေရပ်ပြောင်းတာ၊ စက်ရုံပြောင်းတာတွေလည်းရှိနေတာကြောင့် လုပ်ငန်းခွင်အတွင်း လုပ်သားမမြဲတဲ့ အခက်အခဲကို ရင်ဆိုင်နေရတယ်လို့လည်း အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
စစ်ကောင်စီက ပြည်တွင်းရှိစက်ရုံတွေက အလုပ်သမားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ လုပ်ဆောင်နေသလိုစစ်မှုထမ်းအသက်ထဲအကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ပိတ်ထားပါတယ်။