Home
နိုင်ငံတကာ
ကက်ရှ်မီးယားတွင် တိုက်ခိုက်မှုဖြစ်ပြီးနောက် အိန္ဒိယက ပါကစ္စတန်နှင့်နယ်စပ်ဂိတ်ကို ပိတ်
DVB
·
April 24, 2025
Photo: REUTERS/Adnan Abidi

ကက်ရှ်မီးယားဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံက ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ပစ်လိုက်သလို သံတမန်အများအပြားကို နှင်ထုတ်ပြီးတော့ ရေမျှဝေရေး သဘောတူစာချုပ်ကိုပါ ဆိုင်းငံ့ပစ်ခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်ထားတဲ့ အခြမ်းက ဟိမဝန္တာ ခရီးသွားလည်ပတ်ရာ နေရာမှာ သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် လူ ၂၆ ယောက် သေဆုံးခဲ့အပြီး အိန္ဒိယအစိုးရက ပါကစ္စတန်ကို ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားတွေဟာ တောထဲကနေ ထွက်လာပြီးတော့ ခရီးသွားတွေ အလာများတဲ့ ရှုခင်းသာမြို့ကလေး ပဟာဂမ်အနီးမှာ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရသူတွေထဲမှာ ဟန်းနီးမွန်းထွက်လာတဲ့ သတို့သား၊ အားလပ်ရက် အပန်းဖြေထွက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် စသဖြင့် ပါဝင်ပါတယ်။

ဘယ်အဖွဲ့ကလုပ်သလဲဆိုတာ တရားဝင် အတည်မပြုနိုင်သေးပေမဲ့ ပါကစ္စတန်အခြေစိုက် လက်ရှ်ကာအီတိုင်ဘာ အဖွဲ့နဲ့ အချိတ်ဆက်ရှိတဲ့ The Resistance Front (TRF) လက်ချက်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပတ်သက်မှုမရှိဘူးလို့ ငြင်းထားတဲ့ ပါကစ္စတန်ဘက်ကလည်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ အစည်းအဝေးထိုင်နေတယ်လို့ ကြေညာခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ မကြာသေးမီနှစ်တွေထဲမှာ အသေအပျောက်အများဆုံးဖြစ်စဉ် ဖြစ်သလို မူလကတည်းက တင်းမာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ယိမ်းယိုင်စေခဲ့ပါတယ်။

အိန္ဒိယရော ပါကစ္စတန်ပါ ကက်ရှ်မီးယားဒေသတခုလုံးကို ပိုင်တယ်လို့ ဆိုထားပေမဲ့ တစိတ်တပိုင်းစီသာ အသီးသီး ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

၁၉၄၇ မှာ အိန္ဒိယကို ပိုင်းခြားပြီးတော့ ပါကစ္စတန်နိုင်ငံ ထူထောင်ခဲ့ချိန်ကတည်းက ဒီနှစ်နိုင်ငံဟာ ကက်ရှ်မီးယားနယ်မြေအရေး စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဒေသတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပါကစ္စတန်က ထောက်ပံ့ပေးထားတယ်လို့ အိန္ဒိယအစိုးရ အဆက်ဆက်က စွပ်စွဲခဲ့ကြပြီး ပါကစ္စတန်ဘက်ကတော့ ငြင်းထားပါတယ်။

၁၉၆၀ ကတည်းက တည်ရှိခဲ့တဲ့ အိန္ဒုမြစ်ရေ သဘောတူစာချုပ်ကိုပါ ဆိုင်းငံ့ကြောင်း အိန္ဒိယက ကြေညာထားပါတယ်။

ဒီစာချုပ်အရ အိန္ဒုမြစ်နဲ့ မြစ်လက်တက်တွေထဲမှာ အိန္ဒိယက အရှေ့ပိုင်းကို ထိန်းချုပ်ခွင့်ရပြီး ပါကစ္စတန်က အနောက်ပိုင်းကို ထိန်းချုပ်ခွင့်ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013