Home
နိုင်ငံတကာ
တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်း လာဘ်ပေးလာဘ်ယူမှုဖြင့် တရားစွဲခံရ
DVB
·
April 24, 2025
Photo: Jeon Heon-Kyun/Pool via REUTERS

တောင်ကိုရီးယားသမ္မတဟောင်း မွန်းဂျေအင်းကို ထိုင်းလေကြောင်းလိုင်းတခုမှာ သူ့သမက်ဟောင်းကို အလုပ်ခန့်အပ်မှုနဲ့ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုအတွက် အစိုးရရှေ့နေတွေက စွဲချက်တင်ထားကြောင်း အစိုးရရှေ့နေရုံး ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း မွန်းကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ထားပြီး လွှတ်တော်အမတ်ဟောင်း လီဆန်ဂျစ်ကို လာဘ်ပေးလာဘ်ယူမှု၊ ယုံကြည်မှု ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားကြောင်း ဂျုံးဂျူခရိုင် အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရရှေ့နေတွေဟာ လီဆန်ဂျစ်ရဲ့ SMEs နဲ့ Startups Agency ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရမှုဟာ ၂၀၁၈-၂၀၂၀ ခုနှစ်က လီဆန်ဂျစ် ထိန်းချုပ်ထားတဲ့ ထိုင်းအခြေစိုက် ကော်ပိုရေးရှင်းမှာ သမ္မတဟောင်း မွန်းရဲ့ သမက် အလုပ်အကိုင်နဲ့ လစာငွေကြေး ရရှိမှုအတွက် အလဲအလှယ် ဟုတ်မဟုတ်ဆိုတာ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေကြောင်းလည်း ဆိုပါတယ်။

အမှုဆောင်ဒါရိုက်တာအဖြစ် သမ္မတဟောင်း မွန်းရဲ့သမက် ရရှိတဲ့ လစာငွေဟာ သဘာဝမကျဘဲ သမ္မတဟောင်းကို လာဘ်ထိုးငွေဖြစ်တယ်လို့ တရားစွဲဆိုမှုမှာ စွပ်စွဲထားပါတယ်။

သမ္မတဟောင်း မွန်းဟာ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဘူဆန်မှာ ပါလီမန်အမတ်နေရာ ရရှိခဲ့ပါတယ်။

အဲဒီနှစ်နှောင်းပိုင်းမှာ သူဟာ သမ္မတလောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတဟောင်း ဘတ်ဂွန်းဟေးကို ကပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

ဘတ်ဂွန်းဟေးဟာ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံမှာ စွပ်စွဲပြစ်တင်ခံရပြီးနောက် ၂၀၁၇ ခုနှစ်မှာ မွန်းဂျေအင်းက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အပြင် အမေရိကန်နဲ့ အကွဲအပြဲ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ နိုင်ငံကို လမ်းကြောင်းပြ အုပ်ချုပ်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013