
ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ဟာ ဟားမတ်စ်ကို လက်နက်ချဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို သူတို့အုပ်ချုပ်နေမှုကနေ ပါလက်စတိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ ဧပြီ ၂၃ ရက်က တိုက်တွန်းလိုက်ပါတယ်။
ဒါဟာ ဒေသတွင်း အရေးပါတဲ့ အခိုက်အတန့်မှာ ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍအပေါ် နိုင်ငံတကာက သံသယတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အက်ဘာ့စ်ဟာ အုပ်ချုပ်ရေးကောင်စီမှာ ပြောကြားခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ရေရှည်ရပ်တည်နိုင်မှုအပေါ် စိုးရိမ်နေတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်အင်အားကြီးတွေရဲ့ ဖိအားတွေကြားမှာ ဂါဇာအုပ်ချုပ်မှု ဆက်ခံသူနေရာမှာ သူ့ကို နာမည်တင်ပေးဖို့ ဒီသီတင်းပတ်မှာ မျှော်လင့်ထားတာပါ။
အက်ဘာ့စ်ဟာ အရင်ကလည်း ဟားမတ်စ်အဖွဲ့ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ထားရှိဖို့ တောင်းဆိုထားခဲ့ပေမဲ့ စစ်သွေးကြွအဖွဲ့ရဲ့ သေနတ်သမားတွေက အစ္စရေးကို တိုက်ခိုက်ခဲ့လို့ အစ္စရေးက ပြင်းထန်တဲ့ စစ်ရေးလက်တုံ့ပြန်မှုကို လုပ်ဆောင်လာပြီး ဂါဇာမှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ကတည်းက တောင်းဆိုမှု မလုပ်တော့ပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ဟားမတ်စ်တွေက လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း အစ္စရေးရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်စစ်ဆင်ရေးကြောင့် ပါလက်စတိုင်းမှ လူပေါင်း ၅၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ အများစုမှာ အပျက်အစီးတွေ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ အနာဂတ်အစီအစဉ်ကို ရေးဆွဲရာမှာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေမှာ ဟားမတ်စ်ကို ဘေးဖယ်ထားဖို့ အာရုံစိုက်ထားပေမဲ့ အစ္စရေးက အနောက်ဘက်ကမ်းမှာ အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးနေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ အခန်းကဏ္ဍကို လက်မခံဘူးလို့လည်း ပြောခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ပြည်တွင်းစစ်အတွင်း ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ဖြုတ်ချခဲ့တဲ့ ဟားမတ်စ်အဖွဲ့ဟာ လတ်တလောလတွေအတွင်း အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လက်နက်ချဖို့ တောင်းဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
Source : Reuters