
ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ဘက် ဝင်လာတဲ့ စစ်ဘေးရှောင် ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက လက်နက်ကိုင်အဖွဲ့တွေလို့ စွပ်စွဲကာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၂၃ ရက် မနက်အစောပိုင်းက ရခိုင်ရိုးမအစပ်မှာရှိတဲ့ ငါးသိုင်းချောင်းမြို့ကို ရောက်လာတဲ့ ရခိုင်စစ်ဘေးရှောင် ၆ ယောက်ကို ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ငါးသိုင်းချောင်းမြို့ကိုလာတာလို့ သိရပါတယ်။ စစ်ရှောင်တွေပါ။ လေးမျက်နှာမြို့နယ်ကလာတာ။ အဖမ်းခံရတာ ၆ ယောက်။ စစ်ရှောင်တွေ မဟုတ်ဘူး၊ အကြမ်းဖက်သမားတွေ ဆိုပြီးဖမ်းတာ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ အရပ်သား ၆ ယောက်ထဲမှာ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၅ ယောက် ဖြစ်ပြီး အသက် ၁၇ နှစ်ကနေ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြည်မြို့နယ်က စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “စစ်ဘေးရှောင်လို့ ပြောတာ မရဘဲ စကစတပ်က ဖမ်းတာ။ ဘယ်ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းရဲ့ အစပ်မှာ အာရက္ခတပ်တော် (AA) နဲ့ စကစတပ် တိုက်ပွဲပြင်းထန်လာလို့ အခုလို ပြောင်းရွှေ့လာကြတာပါ။ လက်နက်ကိုင်အဖွဲ့တွေမဟုတ်ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ ကင်းပုန်းဝပ် စောင့်တာအပြင် စစ်ဆေးရေးဂိတ်တွေမှာပါ တိုးမြှင့်ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။